Home
လွှတ်တော်/ဥပဒေရေးရာ
လယ်မြေသိမ်းကိစ္စ ထိရောက်စွာ ဖြေရှင်းပေးရန် လွှတ်တော်တွင် ဆုံးဖြတ်
ရွှေအောင်
·
August 16, 2013
လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း-၃ကို ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်ထဲ ဆွေးနွေးပြီး အစိုးရဌာနတွေနဲ့ ပြည်နယ်တိုင်းအစိုးရတွေက ထိထိ ရောက်ရောက် ဖြေရှင်းပေးဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ အစီရင်ခံစာအပိုင်း-၃မှာ နိုင်ငံတော်စီမံကိန်းတွေအတွက် သိမ်းထားတဲ့ လယ်မြေတွေကိစ္စ အဓိက ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး ဆွေးနွေးခဲ့ကြတယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောပါတယ်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက အစီရင်ခံစာအပိုင်း ၃ မှာ ပါတာတွေကို အခုလို ပြောပါတယ်။ “ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကိုပေးတဲ့ မြေသိမ်းစာရင်းတခုရယ်၊ ဒုတိယ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်တဲ့အခါမှာ သိမ်းတာရယ်၊ တတိယက နိုင်ငံတော် စီမံကိန်းများဖြစ်တဲ့ ကားလမ်းတွေ၊ လေယာဉ်ကွင်းတွေ အဲဒီသုံးခု သိမ်းတဲ့ဟာတွေကို ဆွေးနွေးတာခင်ဗျ။ ပထမ လွှတ်တော်ထဲမှာ ကျနော်တို့ ကော်မရှင်က အဆိုတင်တယ်။ အဆိုတင်ပြီးတော့ မနေ့ကနဲ့ ဒီနေ့ ကိုယ်စားလှယ်ပေါင်း ၂၅ ဦးက ဆွေးနွေးတယ်။ ဒုတိယက အစိုးရပိုင်း ဆိုင်ရာ ၀န်ကြီး ၇ ပါးလောက်ကနေပြီး စိုက်ပျိုးရေး၊ ရထားပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ စက်မှု၊ ပတ်ဝန်းကျင်နဲ့ သစ်တောထိန်းသိမ်းရေး အဲဒီဝန်ကြီးဌာနတွေက ပြန်ပြီးတော့ ရှင်းပါတယ်။ ကွင်းဆင်းပြီးတော့ စနစ်တကျ ဆောင်ရွက်ပေးပါမယ်ဆိုပြီး သူတို့က ပြောတယ်။ ကော်မရှင်ဥက္ကဋ္ဌကို ဒါကို ပြန်ဆွေးနွေးပြီးတော့ အဆိုထပ်တင်သွင်းပါတယ်။ အဲဒါကို အစိုးရအဖွဲ့အနေနဲ့ ထဲထဲဝင်ဝင်လုပ်ပေးဖို့ ဆွေးနွေးတယ်။ “ဆွေးနွေးတဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌကြီးက နောက်ဆုံး ဆုံးဖြတ်ချက်ချတယ်။ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့များ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ အစိုးရအဖွဲ့များဆိုတော့ တရားရေးရော၊ ဥပဒေရေးရော၊ အုပ်ချုပ်ရေးရောပါတယ်။ အဲဒီအုပ်ချုပ်ရေးအဖွဲ့ကလည်း မြေယာသိမ်းဆည်းမှု အပိုင်း ၃ နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဆောင်ရွက်ဖို့ ဆိုပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်။ လယ်မြေစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဒီနေ့ ဆွေးနွေးခဲ့ကြတဲ့ထဲ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပါဝင်ပြီး ဥပဒေနဲ့အညီ လုပ်ကြဖို့ သူဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ “အဓိက ဥပဒေကို လိုရင်တမျိုး၊ မလိုရင်တမျိုး လုပ်တဲ့ကိစ္စပေါ့။ မြေသိမ်းတော့ မြေသိမ်းဥပဒေက အမိန့်ကြော်ငြာစာတွေထုတ်ရမယ့်ဟာတွေ၊ ပြီးတော့ လူတွေရဲ့ ကန့်ကွက်ချက်ကို နားထောင်ရမယ့်ဟာမျိုး မရယူခဲ့ဘူး။ အဲလိုပဲ လူတွေကို မောင်းထုတ်တဲ့အခါကျတော့ ၁၉၅၅ အစိုးရအိမ် ဥပစာနဲ့ မောင်းထုတ်တာ။ အနိုင်အထက်ပြုပြီးတော့ ဖယ်ရှားနိုင်တယ်ဆိုတဲ့အပိုဒ်ကို ယူခဲ့တာတွေက လူထုအပေါ်မှာ အင်မတန်မှ မလုပ်သင့်တဲ့အရာ။ ဒီထက်အရေးကြီးတဲ့အချက်ကတော့ မြေသိမ်းဥပဒေမှာ ပါတဲ့အချက်တွေနဲ့ ပတ်သက်ရင် အစိုးရအိမ်ဆိုတာ အစိုးရပိုင်တာဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့် အခု မင်းဓမ္မကုန်းကို ဥပမာပေးပါတယ်။ မင်းဓမ္မကုန်းက စာချုပ်ချုပ်ပြီး ငှားတာ။ စာချုပ်ချုပ်ပြီးငှားတဲ့သူကို အစိုးရ မြေသိမ်းမှု ဥပဒေနဲ့ လုပ်လို့မရဘူး။ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာ ၅၀၅ ဥပဒေနဲ့ပဲ လုပ်ရမယ် လုပ်ရမှာ။ အိမ်ရှင်အဖြစ် ရပ်စဲပေမယ့် သူတို့က အခမယူဘဲ ဒီလူတွေဟာ အဲဒီမြေမှာ ဆက်လက်နေထိုင်ခြင်းဟာ အိမ်ငှားမြေငှား ဖြစ်နေပါတယ်။ ဥပဒေကို ဥပဒေအကြံပေးတွေကကိုယ်က အာဏာရှိတဲ့လူရဲ့ အလိုကျ ပေးနေတဲ့အကြောင်းကို ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ အရေးအခင်းများရေးတဲ့ ဒေါက်တာမောင်မောင်နဲ့ အောက်မှာပါတဲ့ အရင်လမ်းစဉ်ပါတီခေတ်က ဥပဒေအရာရှိတွေရဲ့ အကြံပေးပုံမျိုးနဲ့ ကျနော်နှိုင်းယှဉ်တင်ပြထားတာပါ။ ”လယ်ယာမြေစုံစမ်းရေး ကော်မရှင်အစီရင်ခံစာကို ဩဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ၂ ရက်ဆက် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပထမနေ့ ဆွေးနွေးတုန်းက ကျောက်ဖြူကိုယ်စားလှယ် ဦးဘရှိန်ရဲ့ ဆွေးနွေးချက်ကို တပ်မတော်သားကိုယ်စားလှယ်တဦး ထကန့်ကွက်ခဲ့ပါတယ်။ ဒီအကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း အခုလို ပြောပါတယ်။ “ဆွေးနွေးရင်ပေါ့လေ။ သန်တွဲမှာရှိတဲ့ တပ်က ဘယ်လိုဘယ်လို မြေသိမ်းထားတယ်ဆိုတာကို ဦးဘရှိန်က ပြောတာပေါ့။ အရင်ကိုယ်စားလှယ်တွေလည်း ပြောပါတယ်။ ကျန်တာ ကျနော်တို့ ပါတီပိုဆိုးတာပေါ့။ ကျနော်က ဝေသာလီပြည် ဘီလူးဝင်စီးတယ် ပြောလို့၊ သူတို့က စပ်စပ်ခါနာတာကိုး။ တားဖို့တော့ မလိုဘူးထင်တယ်။ အဲဒီတုန်းကတော့ တပ်ကို ပြောနေတာကိုး။ အခုတော့ တပ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တယောက်က ထပြီးတော့ ကန့်ကွက်တာ၊ ဒါဟာ တပ်ကို ဆွေးနွေးနေတဲ့ အပိုင်းမဟုတ်ဘူးပေါ့၊ တပ်နဲ့ မဆိုင်၊ တပ်ကို ခဏခဏပြောနေလို့ သူတို့တပ်အနေနဲ့ပြည်သူတွေ အထင်သေးအမြင်သေး စရာ ဖြစ်တယ်၊ ပြည်သူလူထုရဲ့ ညိုငြင်မှုကို ခံနေရတယ်ပေါ့။ မဆိုင်တဲ့ နေရာမှာ ဒါကို မသုံးပါနဲ့၊ ဒီအပိုင်းဟာ တပ်နဲ့ ဘာမှ မဆိုင်ဘူးပြောပါတယ်။ ဦးဘရှိန် တင်ပြဆွေးနွေးချက်ကိုလည်း မှတ်တမ်းမတင်ပါနဲ့၊ ပယ်ဖျက်ပေးပါ၊ ဆွေးနွေးခြင်းကို ရပ်တန့်ပေးပါ နာယကကြီးကို တင်ပြတယ်။ အဲဒီမှာ နာယကကြီးက ဦးဘရှိန် နိဂုံးချုပ်ပါတဲ့ အဲဒီလိုပြောတယ်။ ဦးဘရှိန်က ထပ်ပြီးတော့ ပြန်ပြောတယ် နိဂုံးချုပ်ပါဆိုတာ ကျနော်ကို ဆက်ပြီးတော့ ဆွေးနွေးခွင့်မပြုတာလား မေးတယ်။ အဲဒီမှာ နာယကကြီးက အဲဒီလိုမဟုတ်ဘူးတဲ့။ တပ်နဲ့ ပတ်သက်တဲ့ အပိုင်းကို မဆွေးနွေးဘဲ ကျန်တဲ့အပိုင်းကို ဆွေးနွေးပါလို့ ပြောတဲ့ ကိစ္စတွေပါ။” ဌာနဆိုင်ရာတွေ သိမ်းထားတဲ့ လယ်မြေတွေပြန်ပေးဖို့၊ ထိထိရောက် ရောက်လုပ်ဆောင်ကြဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပြီးဖြစ်တာကြောင့် လယ်မြေပြန်ပေးတဲ့ကိစ္စကို အစိုးရက ဆက်လက် တာဝန်ယူလုပ်သွားရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024