ချောက်-ဆိပ်ဖြူ အနော်ရထာ တံတားပေါ်က အမျိုးသမီး ၁ ဦး ခုန်ချသေဆုံး
DVB
·
November 30, 2020
မကွေးတိုင်း၊ ချောက်-ဆိပ်ဖြူ အနော်ရထာ မြစ်ကူးတံတားပေါ်က အမျိုးသမီး ၁ ဦး နိုဝင်ဘာ ၃၀ မနက် ၉ နာရီခွဲလောက်က ခုန်ချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဆိပ်ဖြူ မြို့မရဲစခန်း တာဝန်ရှိသူဆီက သိရပါတယ်။
ဖြစ်စဥ်အသေးစိတ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး လမ်းသွားလမ်းလာက မြင်လိုက်လို့ သတင်းရရှိတာဖြစ်ပြီး တံတား ပိုင်တိုင်အမှတ် P6-P7 ကြားမှာ ခုန်ချတာလို့ ဆိုပါတယ်။
သေဆုံးသူက ဆိပ်ဖြူ ယောဝရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ် ရေပြင်မှာ ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ရှာဖွေရာမှာ အမျိုးသမီးကို ဆိပ်ဖြူ ရေလယ်ကျွန်းကျေးရွာ ရွာဟောင်းအနီး ဧရာဝတီမြစ်အတွင်း မနက် ၁၀ နာရီခွဲလောက် သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။
အမျိုးသမီး ခုန်ချ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆိပ်ဖြူ မြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)