စစ်တပ်သိမ်းမြေ ခွဲဝေပေးမှု မူလပိုင်ရှင်နှင့် အငြင်းပွား
နန်းမြနဒီ
·
August 16, 2013
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ စစ်တပ်က သိမ်းယူထားတဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး မြေပိုင်ရှင်အသစ်၊ နယ်မြေခံပြည်သူ့စစ်နဲ့ ဒေသခံတွေကြား အငြင်းပွားမှု ဖြစ်နေပါတယ်။
ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စုထဲက မြေဧကပေါင်း ၆၀၀ ကျော်ကို အစိုးရတပ်က လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က သိမ်းယူခဲ့ပြီး တချို့ကို တပ်မိသားစုစိုက်ခင်း၊ တချို့ကို ပြည်သူ့စစ်တွေကို ချထားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရသစ်တက်လာတဲ့အခါ ရွာသားတွေက သူတို့ပိုင်ဆိုင်တဲ့မြေတွေ အသိမ်းခံရကြောင်း သက်ဆိုင်ရာကို တိုင်တန်းခဲ့တဲ့အတွက် အချို့တ၀က်ပြန်ရခဲ့ပေမယ့် အချို့မြေတွေက အဖွဲ့အစည်း နဲ့တဆင့် ၀ယ်ယူသူတွေကြားရောက်သွားပြီး အငြင်းပွားနေတာလို့ ရွာသားတွေဘက်က ဆောင်ရွက်ပေးနေသူ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ ခေါင်းဆောင် ခွန်းဘီဒူးက ဒီဗွီဘီကို ပြောပါတယ်။
“ခြေလျင်တပ်ရင်းကနေ အဲဒီမြေတွေအားလုံးကို အစကတည်းက မသိမ်းထားပါဘူး။ သူတို့ အဲဒီမြေတွေကို မသိပါဘူးပေါ့နော်။ ပြည်သူလူထုတွေနဲ့ ဌာနဆိုင်ရာတွေနဲ့ ဆိုင်တဲ့ ကိစ္စပါဆိုပြီးတော့ သူတို့ ခါချလိုက်တဲ့အတွက် အဲဒီမြေတွေကို မူရင်းပိုင်ရှင်နဲ့ အခုလက်ရှိလုပ်ကိုင်နေတဲ့ ပြည်သူ့စစ်ကြားမှာ ပြဿနာတတ်တာပေါ့။ လက်နက် အားကိုးပြီးတော့ လာထိရဲတဲ့လူကို သတ်ပစ်မှာတို့၊ အဲဒီလိုခြိမ်းခြောက်တဲ့ အနေအထားမျိုး ရှိတယ်။ လတ်တလောမှာတော့ ဌာနဆိုင်ရာနဲ့ အဲဒီမြေကို အထူးသဖြင့် မူရင်းပိုင်ရှင်တွေကို မှန်ကန်ကြောင်း ထောက်ခံချက်တွေကို ကျနော်တို့ လိုက်လံစုဆောင်းနေတယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က ဖယ်ခုံမြို့နယ်ရုံးမှာ မြေတိုင်းဌာန၊ သစ်တောဌာန၊ ဒေသကွပ်ကဲရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နဲ့ ရွာသားတွေ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့တာမှာ အမြင်သဘောထားတွေ ကွဲလွဲပြီး အဖြေရှာမရသေးဘူးလို့ ခွန်းဘီဒူးက ပြောပါတယ်။
မြေကွက်လက်ဝယ်ပိုင်ဆိုင်ထားသူတွေကလည်း ဒီမတိုင်ခင်ကတည်းက အာဏာပိုင်တွေနဲ့ ပေါင်းပြီး ပုံစံ ၁၀၅ အထောက်အထားတွေလုပ်ပြီး ပြသခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြေတွေဟာ မိုးဗြဲဒေသခံ ၁၀၀ ကျော်က ဓားမဦးချ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူတို့ဘက်ကလည်း ပိုင်ဆိုင်ကြောင်း အထောက်အထားတွေ ပြင်ဆင် စုစည်းပြီးရင် ပြည်နယ်လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆီကို ဆက်ပြီးတိုင်ကြားမယ်လို့ ပြောပါတယ်။
ရွာသားတွေရဲ့ ပြောကြားချက်အရ မိုးဗြဲမြို့ အနောက်မြောက်ဘက်မှာရှိတဲ့ မြေတွေကို ခလရ ၄၂၂ တပ်ရင်းမှူးက ၁၉၉၁ - ၉၂ ခုနှစ်မှာ သိမ်းယူပြီး တပ်မိသားစုအတွက် စိုက်ပျိုးရေးတွေ လုပ်ခဲ့ပြီး ဌာနေပြည်သူ့စစ်ကို ခွဲဝေချ ထားပေးတာရှိသလို တချို့ကို သီးစားပြန်ငှားထားတယ်။
ရွာသားတွေရဲ့ တိုင်ကြားချက်ကြောင့် သိမ်းထားတဲ့မြေရဲ့ သုံးပုံ ၂ ပုံကို စစ်တပ်က ၂၀၁၃ ခုနှစ် မေလထဲမှာ ပြန်ပေးခဲ့ပေမယ့် အဲဒီမြေထဲမှာ တဆင့်ခွဲဝေချထားပေးတဲ့မြေတွေ၊ တဆင့် ပြန်ရောင်းထားတဲ့မြေတွေ ပါဝင်နေပြီး လက်ရှိမြေ၀ယ်ယူထားသူတွေထဲမှာ မြို့နယ်အုပ်ချုပ်ရေးပိုင်းက အာဏာပိုင်တွေလည်း ပါဝင်နေတယ်လို့ ခွန်းဘီဒူးက ပြောသွားပါတယ်။