Homeမြန်မာသတင်း
မွန်ပြည်နယ်တွင် ကွာရန်တင်း ၇ ရက်သတ်မှတ်၊ တခြားတိုင်းနှင့် ပြည်နယ်ကလာသူများကို ဝင်ခွင့်ပြန်ပေး
မွန်ပြည်နယ်တွင် ကွာရန်တင်း ၇ ရက်သတ်မှတ်၊ တခြားတိုင်းနှင့် ပြည်နယ်ကလာသူများကို ဝင်ခွင့်ပြန်ပေး
DVB
·
November 29, 2020
မွန်ပြည်နယ်မှာ ကွာရန်တင်းရက် ၇ ရက် ပြန်လည်သတ်မှတ်လိုက်ပြီး ပြည်နယ်အတွင်းကိုလည်း တခြား တိုင်းနဲ့ပြည်နယ်က လာရောက်သူ မည်မဆို ဝင်ခွင့်ပြန်လည်ပေးလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ ပြည်နယ်အတွင်း ဝင်ခွင့်နဲ့ပတ်သက်ပြီး တခြားတိုင်းနဲ့ပြည်နယ်က လာရောက်သူတွေဆိုရင် အလုပ်ကိစ္စနဲ့ အရေးကြီးကိစ္စ ဆောင်ရွက်မယ့်သူတွေကိုသာ ဝင်ခွင့်ပေးလိုက်တာပါ။
အခုအခါမှတော့ ပြည်နယ်အတွင်းကို တခြား တိုင်းနဲ့ပြည်နယ်က လာရောက်သူ မည်သူမဆို နိုဝင်ဘာ စတုတ္ထအပတ်ကစပြီး ဝင်ခွင့်ပြန်လည်ပေးလိုက်ပါတယ်။
ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေဟာ အသွားအလာကန့်သတ်ထားတဲ့ ကွာရန်းတင် စင်တာတွေမှာ ၇ ရက် စောင့်ကြည့်ခံပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ၂ ကြိမ် စစ်ဆေးခံရဦးမယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။
မွန်ပြည်နယ်မှာ ကွာရန်းတင်ရက် ၇ ရက် ပြန်လည်သတ်မှတ်ရတာဟာ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ် စလုံး တပြေးညီ ဖြစ်အောင် လုပ်ဆောင်ရတာလို့ ဆိုပါတယ်။
မွန်ပြည်နယ်ကို လာရောက်မယ့်သူတွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ တစ်ကြိမ် စစ်ဆေးခဲ့ဖို့နဲ့ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါက ပိုပြီး အဆင်ပြေမယ်လို့ သိမ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က ပြောပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်း ကူးသန်းသွားလာမှု အဆင်ပြေအောင် ဖြေလျော့တဲ့အနေနဲ့ တခြားတိုင်းနဲ့ပြည်နယ်က လာသူတွေကို ဝင်ခွင့်ပေးအပ်လိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့လည်း မဖြစ်မနေ ကွာရန်တင်းဝင်ပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်တာပါ။
မွန်ပြည်နယ်မှာတော့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၃၈၈ ဦးအထိ ရှိလာခဲ့တာပြီး အဲဒီထဲမှာ ၁၂ ဦး သေဆုံးထားပါတယ်။
ဇော်လွင်ထွဋ်