အီဂျစ်တွင် ဆန္ဒပြသမားများကို အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးသူ ၆၂၃ ဦးရှိပြီ

အီဂျစ်နိုင်ငံမှာ ဆန္ဒပြသမားတွေကို စစ်တပ်က အင်အားသုံးပြီး လူစုခွဲရာမှာ သေဆုံးသွားသူ ၆၂၃ ဦး ရှိပြီဖြစ်ပြီး ထောင်နဲ့ချီဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ပါတယ်။ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကတော့ ရာနဲ့ ချီတဲ့ အလောင်းတွေ မရေတွက်နိုင်အောင် ရှိသေးတယ်လို့ ဆိုနေပါတယ်။ ရာထူးကနေ ဖြုတ်ချခဲ့တဲ့ သမ္မတဟောင်း မော်စီကို ရာထူးပြန်အပ်ဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နင်းတဲ့ ကိစ္စကို နိုင်ငံတကာ အစိုးရတွေက အပြစ်တင်နေတဲ့အချိန်မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံရဲ့ အစည်းအဝေး ကျင်းပပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။ သေဆုံးသွားသူတွေအတွက် ၀မ်းနည်းတဲ့အကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ရပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ကြဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်တာပါ။ ဒီအတောအတွင်းမှာ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားကလည်း နောက်လထဲမှာ ပြုလုပ်ဖို့ ရှိတဲ့ အီဂျစ်စစ်တပ်နဲ့ အမေရိကန် စစ်တပ်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းတဲ့အကြောင်း ကြေညာခဲ့သလို၊ အီဂျစ်ကို ပေးနေတဲ့ စစ်ရေးနဲ့ စီးပွားရေး အကူအညီတွေကို  အမေရိကန်က ပြန်လည်သုံးသပ်နေပါတယ်။ ဆန္ဒပြသမားတွေကို လူစုခွဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အီဂျစ်ကြားဖြတ်အစိုးရရဲ့ တရားဝင်ကြေညာချက်မှာတော့  အီဂျစ်နိုင်ငံကို ဖျက်ဆီးမယ့် ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်ကို နှိမ်နင်းလိုက်တာလို့ ဖော်ပြထားပါတယ်။ မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့ကတော့ ဩဂုတ် ၁၄ ရက်နေ့က အဖြစ်အပျက်ကြောင့် လူတွေရဲ့ ဒေါသက ထိန်းသိမ်းနိုင်တဲ့ အခြေအနေကို ကျော်လွန်သွားပြီလို့ ဆိုပါတယ်။ လောလောဆယ်မှာ အီဂျစ်နိုင်ငံ မြို့ကြီးတွေမှာ ညမထွက်ရအမိန့်နဲ့  အရေးအပေါ် အခြေအနေတွေ ကြေညာထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up