ကိုဗစ်ကုသဆေး ဖော်စပ်ရောင်းချမှုများ ဖော်ထုတ်အရေးယူရန် တိုက်တွန်း
DVB
·
November 29, 2020
လူမှုကွန်ရက်စာမျက်နှာပေါ် လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါကို တိုင်းရင်းဆေးနဲ့ ပျောက်ကင်းအောင် ကာကွယ်ကုသနိုင်တယ်ဆိုပြီး ကိုဗစ်ကုသဆေးတွေ ဖော်စပ်ရောင်းချတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ကိုဗစ်နိုင်ဆေး လျက်ဆေး ( KOBITNAL MEDICAL SALT) ဆိုပြီး လူမှုကွန်ရက်မီဒီယာပေါ် ဖြန့်ဝေရောင်းချနေတွေ ရှိနေသလို တချို့ကလည်း နိုင်ငံတော်ကနေ မှတ်ပုံတင်ထားပြီး ဆေးတွေဖြစ်တာကြောင့် မြန်မာနိုင်ငံ တဝန်းလုံးရှိ ဘယဆေးဆိုင်မဆို ဝယ်ယူရရှိနိုင်တယ်လို့ ကြော်ငြာ ရေးသားထားတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီကနေ တိုင်းရင်းဆေးသမားတော်တွေ ကုသပေးရမယ့် ဆေးကုထုံးတွေကို ထိန်းကျောင်းပေးရတာဖြစ်ပြီး ထုတ်လုပ်တဲ့ဆေးတွေကို တိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီမှာ လိုင်စင်တင်ပြီးမှ ပြည်သူတွေကို ဖြန့်ဖြူးရောင်းချပေးနေတာပါ။
လက်ရှိ အွန်လိုင်းကနေ ရောင်းချနေတဲ့ ကိုဗစ်နိုင်ဆေးလျက်ဆား တိုင်းရင်းဆေးတွေဟာ တိုင်းရင်းဆေးကောင်စီကနေ ခွင့်ပြုချက်မရထားဘဲ ရောင်းချနေတာဖြစ်ပြီး ဒီလို ရောင်းချနေတာက တိုင်းရင်းဆေးသမားတော်တွေအပေါ် ပြည်သူတွေက အထင်အမြင် လွဲမှားလာနိုင်တယ်လို့ တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ ဦးကျော်သက်နိုင်က ပြောပါတယ်။
အခုလို တိုင်းရင်းဆေးတွေ ဖြန့်ဖြူးရောင်းချနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာက အရေးယူရာမှာ အားနည်းနေပြီး စောစောစီးစီး သိရှိအောင် ဖော်ထုတ်အရေးယူတာတွေ လုပ်ဆောင်သင့်တယ်လို့ မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က တိုက်တွန်းပါတယ်။
ကိုဗစ်နိုင် ဆေးလျက်ဆားဟာ တရားဝင် မှတ်ပုံတင်ထားတာ မရှိ၊ စားသုံးသူတွေအနေနဲ့ သုံးစွဲဖို့ မသင့်တော်တဲ့ တိုင်းရင်းဆေးဝါးဖြစ်ကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာနကနေ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့ပြင် ဒီတိုင်းရင်းသားဆေးနဲ့ ပတ်သက်ပြီး စားသုံးသူတွေကို ဘေးအန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်လို့ စျေးကွက်အတွင်း ရောင်းချနေတာ တွေ့ရှိရင် စားသုံးသူရေးရာဦးစီးဌာနကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
သတင်း - နန့်ခိုင်