မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၃၁ ဦးထပ်မံတွေ့ရှိ၊ လူနာစုစုပေါင်း ၁၃၇၀ ရှိလာ
DVB
·
November 29, 2020
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၃၇၀ ရှိလာပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ညမှာ ထုတ်ပြန်ပါတယ်။
ပိုးတွေ့လူနာထပ်တိုး ၃၁ ဦးမှာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ၅ ဦး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) ကို ပေးပို့စစ်ဆေးရာမှာ ၂၆ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အတည်ပြုလူနာသစ်တွေကတော့ ရေနံချောင်းက ၇ ဦး၊ မင်းလှ ၁ ဦး၊ မြို့သစ် ၆ ဦး၊ ပွင့်ဖြူ ၇ ဦး၊ မကွေး ၁ ဦး၊ ဆင်ပေါင်ဝဲ ၁ ဦး၊ မင်းဘူး ၄ ဦး၊ ချောက် ၂ ဦး၊ ပခုက္ကူ ၁ ဦးနဲ့ ကံမ ၁ ဦးတို့ ဖြစ်ပါတယ်၊။
ပိုးတွေ့လူနာတွေအနက် ရေနံချောင်းက ၅ ဦးနဲ့ မြို့သစ်က ၁ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ကပြန်လာပြီး Quarantine Centre တွေမှာ ထားရှိသူတွေ ဖြစ်ပါတယ်။
မကွေးတိုင်းမှာ နိုဝင်ဘာ ၂၈ ရက်ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း အယောက် ၁၃၇၀နဲ့ သေဆုံးသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် Mask စနစ်တကျ အသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။