လားရှိုးမြို့ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး ခရီးသည်ခိုးသွင်းသူ ၃ ဦးအား ဖမ်းဆီး
DVB
·
November 28, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ မြို့တွင်း ခရီးသည်တွေ ခိုးသွင်းသူ ၃ ဦးအား ဖမ်းဆီးထားပြီး သဘာဝဘေးစီမံဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
လားရှိုးမြို့အဝင် မယ်ဟန်ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ မြို့တွင်းဝင်ရောက်လိုတဲ့ ခရီးသည်တွေအား ခိုးသွင်းလာသူ ဆိုင်ကယ်ကယ်ရီ ၁ ဦးနဲ့ ကားသမား ၂ ဦးတို့ကို နို၀င်ဘာ ၂၇ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်း စခန်းမှူး ဦးမြင့်ကျော်က ပြောပါတယ်။
မယ်ဟန်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး ရွာလမ်းကနေ ခိုးသွင်းသူ ၃ ဦးနဲ့ ခရီးသည် ၅ ဦးတို့ကို ပညာရေးကောလိပ်ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပါတယ်။
သူတို့ကို Test Kit နဲ့ စစ်ဆေးလို့ ပိုးမတွေ့ပါက ခိုးသွင်းသူ ၃ ဦးကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူသွားမယ်လို့ စခန်းမှူး ဦးမြင့်ကျော်က နိုဝင်ဘာ ၂၈ နေ့က ပြောပါတယ်။
လားရှိုးမြို့တွင်း ခိုးသွင်းသူတွေ၊ အားပေးအားမြှောက်ပြုသူတွေကို သဘာဝဘေး စီမံခန့်ခွဲရေးဥပဒေ အမြင့်ဆုံးပြစ်ဒဏ်နဲ့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ကြေညာထားပါတယ်။