ဒီဇင်ဘာလပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အရ လေဖိအားနည်းရပ်၀န်း ၂ ကြိမ်ဖြစ်နိုင်
DVB
·
November 28, 2020
ဒီဇင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်၀န်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။
မိုးအခြေအနေနဲ့ ရွာသွန်းရက်တွေကတော့ တနင်္သာရီတိုင်းမှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ရှမ်း (အရှေ့ပိုင်း)၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပါတယ်။
စစ်ကိုင်းတိုင်း။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း (မြောက်ပိုင်းနဲ့ တောင်ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ ၅ ရက်မှ ၈ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း(အရှေ့ပိုင်း)၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၁ ရက်မှ ၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ညအပူချိန်ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ ပျမ်းမျှအပူချိန်လောက် ရှိနိုင်ပါတယ်။
မြူအခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနဲ့ မွန်ပြည်နယ်တို့မှာ ၁၆ ရက်မှ ၂၄ ရက်ခန့်နဲံ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်တို့မှာ ၆ ရက်မှ ၁၄ ရက်ခန့် မနက်ပိုင်း မြူထူများ ဆိုင်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။