Home
မြန်မာသတင်း
မဲရုံများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဖြစ်စဉ်များကို တပ်မတော်က စုံစမ်းစစ်ဆေးနေ
DVB
·
November 27, 2020
မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ တပ်မတော်နဲ့ သက်ဆိုင်တဲ့ မဲရုံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို ပြန်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မနက်က နေပြည်တော်မှာကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ ခုအချိန်မှာအငြင်းပွားနေတဲ့ဟာတွေရှိတယ်၊ အငြင်းပွားနေတဲ့ဟာတွေနဲ့ပတ်သက်ပြီး ပါတီတွေအချင်းချင်း အငြင်းပွားနေတာတွေ  ကျနော်တို့နဲ့သက်ဆိုင်ခြင်းမရှိဘူး။ သို့သော်လည်း ကျနော်တို့နဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ကျနော်တို့  မဲပေးခဲ့တဲ့နေရာတွေ ၂၀၀ ကျော်လောက်တော့ရှိတယ်။ အဲဒီ မြို့နယ် ၂၀၀ ကျော်မှာတော့ ကျနော်တို့က  ပြည်ခိုင်ဖြိုးနဲ့တော့ မသက်ဆိုင်ဘူး။ ကျနော်တို့အနေနဲ့တော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာကို၊ ကျနော်တို့ စုံစမ်းစစ်ဆေးသင့်တဲ့ဟာကို ဒီမြို့နယ်တွေမှာ ၊ ကျနော်တို့နဲ့ ပတ်သက်တဲ့ဟာတွေကိုပဲ ကျနော်တို့လုပ်တာ၊ တပ်တွေမရှိတဲ့နေရာတွေမှာ ကျနော်တို့စုံစမ်းစရာအကြောင်းလည်းမရှိဘူး။ တပ်တွေရှိတဲ့ မြို့နယ်တွေမှာတော့ ဒါ ဖြစ်စဉ်တွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို ဒါကျနော်တို့ စုံစမ်း စစ်ဆေးလျှက်ရှိတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ခုလိုလုပ်ရတဲ့အကြောင်းရင်းကတော့ တပ်မတော်အနေနဲ့  ပြောသင့်ပြောထိုက်တဲ့ အခြေအအနေမှာ ပြောသင့်ပြောထိုက်တဲ့အရာတွေကို ပြောနိုင်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။  တပ်မတော်က ကြံ့ခိုင်ရေးပါတီနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ခုလိုရှင်းလင်းပြောကြားခဲ့ပေမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပါတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ဖို့  ကြံ့ခိုင်ရေးပါတီ အပါအဝင် မဟာမိတ်ပါတီတွေပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂၀ အနိုင်ရပြီး အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ၇၁ နေရာ အနိုင်ရခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေ အဓိကအနိုင်ရတဲ့မဲဆန္ဒနယ်တွေဟာ  ကိုကိုးကျွန်းနဲ့ နေပြည်တော်လို တပ်မတော် အခြေစိုက်တဲ့နေရာတွေနဲ့ တပ်မတော်သားတွေ အများစုမဲပေးတဲ့ မဲရုံတွေ ဖြစ်ပါတယ်။  အဆိုပါရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက လက်မခံသေးဘဲ  ကန့်ကွက်မှုတွေ တရားစွဲမှုတွေပြုလုပ်နေသလို တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို အရေးယူဖို့  တောင်းဆိုမှုတွေလည်း လုပ်နေပါတယ်။  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးသန်းဌေးကလည်း ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး  “သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်’’ လိုမှတ်တမ်းတွေ ထုတ်ပြန်သွားမယ်လို့ ပြောကြားထားပါတယ်။ ၈၈၈၈ ဒီမိုကရေစီလူထု အရေးတော်ပုံကို သေးသိမ်အောင် သမိုင်းမှန်တွေကို ဖျောက်ဖျက်ပြီး     “သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်’’အမည်နဲ့ စစ်အစိုးရက  နိုင်ငံပိုင် မီဒီယာတွေကနေ တဖက်သတ် ဝါဒဖြန့်ခဲ့ဖူးပါတယ်။ Photo- နေဖြိုးဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024