အီရန်ကောင်စစ်ဝန်အပါအဝင် ၄ ဦးကို ဗုံးထောင်မှု သံသယဖြင့် ဥရောပတွင် တရားစွဲ

264
သံသယဖြစ်ဖွယ် ဗုံးထောင်အကြံအစည်နဲ့ပတ်သက်လို့ အီရန်ကောင်စစ်ဝန် တစ်ဦးအပါအဝင် အီရန်နိုင်ငံသားတွေကို ဥရောပမှာ ပထမဆုံးအကြိမ် တရားစွဲဆိုလိုက်ပါတယ်။
၂၀၁၈ တုန်းက ပြင်သစ်မှာ အီရန် ပြည်ပြေးအတိုက်အခံအုပ်စု NCRI ရဲ့ အစည်းအဝေးကို ဗုံးခွဲဖို့ စီစဉ်မှုနဲ့ အီရန်သံတမန် တဦးနဲ့တခြားအီရန်နိုင်ငံသား ၃ ဦးကို တရားစွဲဆိုလိုက်တာပါ။
ဒါဟာ အီးယူနိုင်ငံတစ်ခုမှာ ပထမဆုံးအကြိမ် အီရန်သံတမန်ကို အကြမ်းဖက်မှုနဲ့ ရုံးတင် တရားစွဲဆိုတာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်ကျရင် ဘယ်လ်ဂျီယံနိုင်ငံ အန့်တ်ဝါ့ပ်မြို့မှာ သူတို့ ၄ ဦး တရားရင်ဆိုင်ရမှာပါ။
တရားစွဲခံရတဲ့ ဗီယင်နာအခြေစိုက် အီရန်သံတမန် အက်ဆာဒိုလာ-ဟက်ဆာဒီဟာ အီရန်သံရုံးက အဆင့် ၃ ကောင်စစ်ဝန် ဖြစ်ပါတယ်။
သူဟာ ဥရောပတောင်ပိုင်း ထောက်လှမ်းရေးသတင်း အကြီးအကဲဖြစ်ပြီး အီရန်အစိုးရဆီက ညွှန်ကြားချက်တွေအတိုင်း လုပ်ခဲ့တယ်လို့ ပြင်သစ်အရာရှိတွေက ပြောပါတယ်။
အီရန်အစိုးရကတော့ စွပ်စွဲချက်တွေကို ထပ်တလဲလဲ ငြင်းဆိုထားပြိး ဗုံးထောင်ဖို့ စီစဉ်တယ်ဆိုတဲ့စွပ်စွဲချက်ဟာ အီရန်ကအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ NCRI ရဲ့ ထွင်လုံး တခုသာဖြစ်တယ်လို့ ပြောပါတယ်။