တောင်ဒဂုံပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ သီးသန့် စစ်ဆေးသည့် အခန်းငယ်ထားရှိ
DVB
·
November 27, 2020
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ သီးသန့် စစ်ဆေးတဲ့ Swab Container အခန်းငယ်ထားရှိတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူဝင်းက ပြောပါတယ်။
နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူတဲ့ Swab Container အခန်းတွေကို ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက အလှူရှင်တွေနဲ့ချိတ်ဆက်ကာ Zeya and Associates Medical Systemsက လှူဒါန်းတာ ဖြစ်ပါတယ်။
ပထမအကြိမ်အနေနဲ့ မြောက်ဒဂုံ၊ ဒုတိယအကြိမ် ဒဂုံဆိပ်ကမ်းနဲ့ တတိယအကြိမ် တောင်ဒဂုံမြို့နယ်တို့မှာ လှူဒါန်းတာဖြစ်ပြီး အခုဆိုရင်မြို့နယ် ၃ နေရာမှာ ထားရှိပြီးဖြစ်ပါတယ်။
ဒီ Swab Container တွေထဲမှာ ရေချိုးခန်း၊ PPEဝတ်စုံလဲတဲ့အခန်း၊ တို့ဖတ်ယူတဲ့အခန်းတွေနဲ့ အကာအကွယ်အပြည့်အစုံထားရှိထားတာပါ။
ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က " PPEဝတ်ပြီး ရေချိုးမယ့်နေရာ တကူးတက သွားစရာမလိုတော့တဲ့အပြင် ပိုးသတ်ပြီးသားအခန်းတွေဖြစ်တဲ့ အတွက်ကြောင့် ကျန်းမာရေးဝန်ထမ်းတွေအတွက် အန္တရာယ်ကင်းတယ်”လို့ ပြောပါတယ်။
မြို့နယ်ကွာရန်တင်းစင်တာတွေမှာ အသုတ်လိုက်ခွဲကာ ၇ ရက်တစ်ကြိမ် နှစ်ခါစစ်ပေးရတာဖြစ်ပြီး ဒီ Container အခန်းငယ်မှာဆိုရင် မြို့နယ်ပြည်သူ့ဆေးရုံကိုလာပြအခါ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရှိတဲ့ လူနာတွေကို တစ်ခါတည်းစစ်ပေးတာလို့ သိရပါတယ်။
အိသဇင်ခိုင်