ဇီးကုန်းမြို့တွင် ၆၇ နှစ်အရွယ် ကိုဗစ်-၁၉ လူနာအမျိုးသား ၁ ဦး သေဆုံး
DVB
·
November 27, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက အသက် (၆၇) နှစ်အရွယ် ကိုဗစ်-၁၉ လူနာ အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ဇီးကုန်းမြို့နယ် ဆရာဝန်ကြီးဒေါက်တာဇော်နိုင်ဦးက "လူနာက မနေ့ကမှ RDT နဲ့ စစ်လို့ Positive ထွက်တာ။ သူက ရန်ကုန် ပင်လုံ ဆေးရုံကနေပြန်လာတဲ့ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရှိတဲ့ လူနာဖြစ်ပါတယ်။ ကင်ဆာဆေးတွေ သွင်းပြီး ဓာတ်ရောင်ခြည်ကုပြီး နောက်ဆုံးအခြေအနေနဲ့မို့ အိမ်ပြန်မယ်ဆိုပြီး ခွင့်တောင်းပြီး ပြန်လာတာ။ ကိုဗစ် အခြေအနေဆိုးလို့ ဆုံးတာတော့ မဟုတ်ဘူး။ အဆုတ်ကင်ဆာရောဂါကြောင့် ဆုံးတာဖြစ်ပေမဲ့ သူ့မှာ ကိုဗစ်-၁၉ ရောဂါပိုး Positive ဖြစ်တယ်ဆိုတော့ COVID-19 Positive ထဲ ဝင်သွားတယ်။ ကျနော့အနေနဲ့တော့ နောက်ထပ် Positive တွေ ထပ်မတိုးဖို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
သေဆုံးသူ အသက် (၆၇) နှစ်အရွယ် အမျိုးသားရဲ့ မိသားစုဝင်တွေနဲ့ ထိတွေ့သူ စုစုပေါင်း အယောက် ၂၀ ကို စစ်ဆေးရာ ၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတယ်လို့ သိရပါတယ်။
ဇီးကုန်းမြို့နယ်မှာ နိုဝင်ဘာ ၂၇ မနက်ပိုင်းထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၅၀ ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၃၅ ဦးနဲ့ ဆေးရုံမှာ ၁၄ ဦး ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဝဏ္ဏထွန်း