Home
မြန်မာသတင်း
မန္တလေးမဟာမုနိဘုရားကြီး ပုံစံငယ်ပြုလုပ်ပြီး ဂေါပကအဖွဲ့ထံ အပ်နှံ
DVB
·
November 26, 2020
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရဝုဏ်ပုံစံငယ်ကို ဗိသုကာပညာရှင်တစ်ဦးက တည်ဆောက်ပြီးစီးခဲ့ရာ  နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဂေါပကအဖွဲ့ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပုံစံငယ်ကို Architectural Scale Model ပညာရှင် ဦးကျော်ဇင်လတ်က အချိန် နှစ်လခွဲကြာ  ဖန်တီးပြုလုပ်ခဲ့တာပါ။ မဟာမုနိဘုရားကြီး တည်ဆောက်ရေးကော်မတီ တာဝန်ခံ ဦးသန်းလွင်က “မဟာမုနိ ဘုရားကြီးအတွင်းမှာရှိတဲ့ သာသနိကအဆောက်အဦတွေကို မဟာဗုဒ္ဓဝင်ပြတိုက်ထဲကနေ ဝင်ဖူးမြော်ရင်းနဲ့ ဘုရားကြီးရဲ့ ပုရဝုဏ် အားလုံးကို ဒီ Scale Model ကနေ ဖူးမြော်နိုင်အောင် ရည်ရွယ်ဆောင်ရွက်တာပါ " လို့ ပြောပါတယ်။ မဟာမုနိဘုရားကြီး ပုံစံငယ် ပြုလုပ်ခြင်းကို မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီး ပြန်လည်ဖော်ထုတ်မှု ဆောင်ရွက်နေချိန် ထည့်သွင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီး ပြန်လည်ဖော်ထုတ်ခြင်း ပြုပြင်ဆောင်ရွက်မှု ပြီးစီးပါက မဟာမုနိဘုရားကြီး ပုံစံငယ်ကို ဘုရားဖူးလာပြည့်တွေ  ကြည့်ရှုလေ့လာနိုင်ဖို့  ပြသသွားမှာပါ။ Architectural Scale Model ပညာရှင် ဦးကျော်ဇင်လတ်က "ဘုရားကြီးပရဝုဏ် ပုံရှိမှု အားနည်းတော့ အချိန်တစ်လလောက်ယူပြီး ပုံတွေရဖို့ ပြင်ဆင်ခဲ့ရပါတယ်၊ ဒါမှ အပြင်နဲ့ တစ်ထပ်တည်း ရမှာ ဖြစ်တဲ့အတွက်ပါ၊ ဒီ Scale Model ကို အပြင်နဲ့ တစ်ထပ်တည်း ဖြစ်အောင် သေချာလုပ်ထားပါတယ်။ အခက်အခဲဆုံးအပိုင်းကတော့ ဘုရားကြီးပေါ့၊ အထဲထဲပါ သေချာလုပ်ထားတော့ အတွင်းပိုင်းကအစ တူအောင် သေချာ လုပ်ခဲ့ပါတယ် " လို့ ပြောပါတယ်။ မဟာမုနိဘုရားကြီး ပုံစံငယ်ကို ငွေကျပ်သိန်း ၃၀၀ ကျော် ကုန်ကျခံ ပြုလုပ်ခဲ့တာ ဖြစ်ပြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် စတဲ့ သာသနိကအဆောက်အဦတွေကို ရွှေအစစ်ချကာ ပုံဖော်ထားတာ ဖြစ်ပါတယ်။ သတင်း - သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024