A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲပြီး လူ ၁၄ ဦးထက်မနည်း သေဆုံး၊ ၄၅ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘာမီယန်ပြည်နယ်မှာ ဗုံးပေါက်ကွဲမှု ၂ ခုဖြစ်ပြီး လူ ၁၄ ယောက်ထက်မနည်း သေဆုံးကာ  ၄၅ ယောက်လောက် ဒဏ်ရာရတယ်လို့ ပြည်နယ် အရာရှိတွေက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။ ဘာမီယန်မြို့ အဓိကဈေးထဲက လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံး ၂ လုံး ပေါက်ကွဲလို့ ယာဉ်ထိန်းရဲ ၂ ယောက်နဲ့ အရပ်သား ၁၂ ယောက် သေဆုံးတယ်လို့ ပြည်နယ်ရဲချုပ်က ပြောပါတယ်။ ဗုံးဒဏ်ကြောင့် ဆိုင်မျက်နှာစာတွေ တစစီ ဖြစ်ကုန်ပြီး မြေပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲ ကျန်ရစ်ပါတယ်။ ဘာမီယန်ဒေသဟာ ဝေးလံသီခေါင်တဲ့ နိုင်ငံအလယ်ပိုင်းတောင်တွေကြားမှာရှိလို့ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဘေးအကင်းဆုံး ပြည်နယ်အဖြစ် ရှုမြင်ခံခဲ့ရပါတယ်။  တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ တာလီဘန်တွေဟာ ၂၀၀၁ နှောင်းပိုင်းမှာ သုတ်သင်ခံရပြီးတည်းက နိုင်ငံခြား ကျောထောက်နောက်ခံပေးထားတဲ့ အာဖဂန် အစိုးရကို ဆန့်ကျင် သူပုန်ထနေခဲ့တာပါ။  ခုလို ဗုံးပေါက်ပွဲမှုဖြစ်ပွားချိန်ဟာ အာဖဂန်နစ္စတန်အတွက် နိုင်ငံတကာလူ့အဖွဲ့အစည်းက ကူညီထောက်ပံ့ဖို့  ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ညီလာခံအတွင်း ကတိပြုချိန်နဲ့ တိုက်ဆိုင်နေပါတယ်။  လတ်တလောမှာ ပြန်စနေတဲ့ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲတွေက နှစ် ၂၀ နီးပါးကြာနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပြီး ဒါဇင်ချီတဲ့ နိုင်ငံတွေက အာဖဂန်နစ္စတန်အတွက် ၄ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ပေးမယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့က ကတိပြုခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up