ရန်ကုန်တွင် Hand Speaker ဖြင့် လှည့်လည်ရောင်းချသည့် ဈေးသည်များကို စစ်ဆေးအရေးယူနေ
DVB
·
November 25, 2020
ကိုဗစ်ကပ်ဘေးကာလမှာ ရပ်ကွက်ထဲ လက်ကိုင်အသံချဲ့စက် (Hand speaker)နဲ့ လှည့်လည်ရောင်းချနေတဲ့ဈေးသည်တွေကို ပြည်သူတွေက တိုင်ကြားတာကြောင့် စပီကာသိမ်းတာ တွေနဲ့ ခံဝန်ထိုးခိုင်းထားတာတွေရှိတယ်လို့ စည်ပင်သာယာတာဝန်ရှိသူက ပြောပါတယ်။
တောင်ဥက္ကလာပမြို့နယ်က လမ်းမတွေအတွင်းမှာ ကိုဗစ်ကာလဖြစ်လို့ ဈေးသည်တွေ လှည့်လည်ရောင်းချတာကို ခွင့်ပြုထားပေမယ့် Hand Speakerတွေနဲ့ ဆက်တိုက် အသံသွင်း ရောင်းချတာကိုတော့ အများပြည်သူရဲ့တိုင်ကြားတာတွေကြောင့် စစ်ဆေးအရေးယူတာကို လုပ်ဆောင်နေတာပါ။
ဒီလိုလှည့်လည်ရောင်းချတာတွေက ဥပဒေအရ လှည့်လည်လိုင်စင်ရှိမှ ရောင်းချလို့ရပေမယ့် ကိုဗစ်ကာလ စီးပွားရေးအခြေအနေအရ ဖြေလျော့ထားတာလည်းဖြစ်ပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှာတော့ ပြည်သူတွေရဲ့တိုင်ကြားတာတွေကြောင့် စပီကာနဲ့ လှည့်လည်ရောင်းချနေတဲ့ ဈေးသည် ၂၁ ယောက်ကို စပီကာသိမ်းတာတွေနဲ့ ခံဝန်ထိုးခိုင်းတာတွေ လုပ်ဆောင်ထားတယ်လို့ စည်ပင်သာယာတာဝန်ရှိသူ ဦးကျော်ဇေယျာဝင်းက ပြောပါတယ်။
ဒါ့အပြင်ဈေးသည်တွေရောင်းချတာတွေက စီးပွားရေးအရဖြစ်ပေမယ့် အသံသွင်းထားတာကို ဆက်တိုက်ဖွင့်နေတာတွေ ကိုဗစ်ကာလမှာ စိတ်ရှုပ်စရာဖြစ်တယ်လို့ ပြောပါတယ်။
တချို့ဈေးသည်တွေကတော့ တိုက်ခန်းအထပ်တွေကို ကြားရအောင်ဖွင့်တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
လက်ရှိမှာ မြို့နယ်တချို့မှာ အသံသွင်းထားတဲ့ စပီကာနဲ့ လှည့်လည်ရောင်းချနေတဲ့ ဈေးသည်တွေကို စပီကာသိမ်းတာနဲ့ခံဝန်ထိုးခိုင်းတာကိုပဲလုပ်ဆောင်နေပြီး ရောင်းချနေတဲ့ ပစ္စည်းကိုသိမ်းတာမျိုးမဟုတ်ဘဲ နောက် Hand speaker ကို မသုံးဖို့နဲ့ ပတ်ဝန်းကျင်က တိုင်ကြားတာတွေ မရှိဖို့ကိုပဲ လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။
မြို့နယ်နေပြည်သူတွေအနေနဲ့ တိုင်ကြားတာတွေများတာကြောင့် ကော်မတီနဲ့ စည်ပင်သာယာတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း - ခင်ငြိမ်းချမ်း