တန်ဆောင်မုန်းလ မွေးလွန်ကြ မြန်မာ့စာဆိုတွေ (ဆောင်းပါး)
မောင်တူး
·
November 25, 2020
“တန်ဆောင်မုန်းလ မွေးလွန်ကြ မြန်မာ့စာဆိုတွေ”
ခဝဲပွင့်ဝါ၊ ကထိန်ရာသီ
ဆီမီးညီညာ၊ ထွန်းကြရှာပြီ
ခါတော်ပွဲစုံ၊ ကျင်းပကုန်လီ
လတန်ဆောင်မုန်း၊ မီးပုံးပျံ ပွဲစီ။
ထိုသည်မာသ၊ မွေးလွန်ကြရှာ
စာဆိုတော်များ၊ ထင်ရှားရှိခဲ့သည် ။ ။
(မောင်တူး)
“တန်ဆောင်မုန်း ဆိုတာ ဘာလဲ”
တန်ဆောင်မုန်းလဟာ မြန်မာ့ ၁၂ လမှာ ၈ လမြောက်ပါ။ ရက်စုံလ ဖြစ်တာမို့ တန်ဆောင်မုန်းလမှာ ရက်ပေါင်း ၃၀ ရှိပြီး အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ကျရောက်ပါတယ်။ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တန်ဆောင်တိုင်ပွဲတော်၊ ကထိန်ပွဲတော်၊ မသိုးသင်္ကန်းရက်ပွဲ၊ ပံ့သကူပစ်ပွဲတွေ ရှိကြတဲ့လပါ။ တန်ဆောင်မုန်းလကို ပုဂံကျောက်စာတွေမှာ တန်ဆောင်မှုန် (တန်ဆောင်မှုန်း) လို့ ရေးထိုးကြတယ်။ တန်ဆောင်က မီးတိုင်၊ ဆီမီး အဓိပ္ပါယ်ရသပေါ့။ မှုန်းက တောက်ပစေတယ်လို့ ဆိုပါတယ်။ တန်ဆောင်မုန်းဟာ ဆီမီးကို တောက်ပစေတဲ့လ၊ ဆီမီးထွန်းညှိတဲ့လ ဖြစ်ပါတယ်။
“တန်ဆောင်တိုင်ပွဲ”
တန်ဆောင်တိုင်ပွဲဟာ မီးပူဇော်ပွဲ ပျော်ပွဲသက်သက်ပါ။ သီတင်းကျွတ်ပွဲကာလ ရာသီဥတု မသာယာတာမို့ လွတ်လွတ်လပ်လပ် ပျော်ပွဲ မဆင်နွှဲရသူတွေအတွက် တန်ဆောင်တိုင်ပွဲ ဖြစ်လာရပုံပါ။ တန်ဆောင်မုန်းလမပြည့်မီ အဖိတ်နေ့နဲ့ လပြည့်နေ့ ၂ ရက် ကို တန်ဆောင်တိုင်ပွဲနေ့တွေလို့ သတ်မှတ်ထားကြတယ်။ မီးပုံးတွေထွန်းပြီး ပွဲလမ်းသဘင် ပျော်ပွဲဆင်နွှဲကြတယ်။ ဘုရားရှင်ရဲ့ မယ်တော်မိနတ်သားဟာ သားတော် ဘုရားအလောင်း တောထွက်တော့မှာသိပြီး သင်္ကန်းလိုတာမို့ ညဉ့်ချင်းပြီး သင်္ကန်းရက် ချုပ်တဲ့ အထိမ်းအမှတ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း မသိုးသင်္ကန်းရက်ပွဲ ကျင်းပကြတယ်။
“ကထိန်ပွဲ”
ကထိန်သင်္ကန်းကပ်လှူပွဲတွေကို ဘုရားရှင် လက်ထက်ကစ ခွင့်ပြုခဲ့တယ်။ သီတင်းကျွတ်လဆုတ် ၁ ရက်က တန်ဆောင်မုန်း လပြည့်နေ့ထိ ကျင်းပကြရတယ်။ ကထိန ခေါ် ကထိန်သင်္ကန်းပွဲဟာ တန်ဆောင်မုန်းလရဲ့ထူးခြားချက်ပါ။ သင်္ကန်းဟာလည်း ထူးခြားတယ်။ ထမင်းသိုး ဟင်းသိုးတွေ မဖြစ်စေသလို တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညမှာ ရက်ကန်းစင်တွေက အပြီး ရက်ချုပ်၊ လပြည့်နေ့ အာရုဏ်တက်မှာ ဗုဒ္ဓကိုရည်မှန်း သင်္ကန်းကို အပြီးကပ်ကြရတာပါ။ ကထိန်သင်္ကန်းဟာ ရဟန်းတွေ အတွက် အကျိုးရှိသလို၊ ကပ်လှူခွင့် ရသူတွေလဲ အကျိုးထူးလှပါတယ်။
“တန်ဆောင်မုန်းမှာ မွေးဖွားခဲ့ ကွယ်လွန်ခဲ့ကြတဲ့ စာဆိုတော်များ”
စာရေးဆရာမကြီး လူထုဒေါ်အမာ၊ ဆရာမ မိုးမိုး (အင်းလျား)၊ ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်)၊ စာရေးဆရာ ဂုဏ်ဝင်းနဲ့ စာရေးဆရာကြီး ပီမိုးနင်းတို့ဟာ တန်ဆောင်မုန်းလမှာ မွေးခဲ့ကြပြီး ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့၊ စာရေးဆရာ မာဃ တို့ဟာ ဒီလမှာ ကွယ်လွန်ခဲ့ကြပါတယ်။
“ လူထုဒေါ်အမာ ” ( တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်ဖွား)
တညီတညွတ်တည်း
လက်တွဲရုန်းလိုက်ကြပါ။
ဒါမှအောင်မြင်မယ်။
(လူထုဒေါ်အမာ)
လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ စာနယ်ဇင်းဆရာမကြီး စာရေးဆရာမကြီး လူထုဒေါ်အမာကို မန္တလေးမှာ အဘ ဦးထင်၊ အမိ ဒေါ်စုတို့က ၁၉၁၅ နိုဝင်ဘာ ၂၉ ရက်၊ မြန်မာ ၁၂၇၇ ခု တန်ဆောင်မုန်းလဆုပ် ၈ ရက် တနင်္လာနေ့မွေးခဲ့တယ်။
သူဟာ အိုးဝေ၊ ကြီးပွားရေး မဂ္ဂဇင်းတို့နဲ့၊ ဘားမားဂျာနယ်တွေမှာ စာတွေရေးခဲ့ပြီး ၁၉၃၈ မောရစ် ကောလစ်ရဲ့စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သောအမှုအခင်းများ’ ဆိုပြီး ဘာသာပြန် ထုတ်ဝေသူ။ ၁၉၃၉ နိုဝင်ဘာ ၁၃ လူထုဦးလှနဲ့ လက်ထပ်ခဲ့တယ်။ ၁၉၄၅ ဇူလိုင် လူထုဂျာနယ် စထုတ်တော့ လက်ထောက် အယ်ဒီတာ၊ ၁၉၄၆ ဧပြီ ၁၉ လူထု သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်၊ ၁၉၆၄ မှာ ‘ပြည်သူချစ်သောအနုပညာရှင်များ’ စာအုပ်နဲ့ စာပေဗိမာန် ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေ ပထမဆုရတယ်။
“စန္ဒမာလာ” (၁၉၄ဝ)၊ “ပြည်သူချစ်သောအနုပညာသည်များ”၊ “ဘဝချင်းမတူသည့် တရုတ်ပြည်” (၁၉၆၆)၊ “အောင်ဗလ ဖိုးစိန် စိန်ကတုံး”၊ “ရွှေရိုး ဦးဘကလေး”၊ “ရွှေမန်းတင်မောင်”၊ “အငြိမ့်” (၁၉၇၃)၊ “ရွှေဒေါင်းတောင်ဆောင်းပါးများ” (၁၉၇၅)၊ “ဆရာကြီး သခင် ကိုယ်တော်မှိုင်း” (၁၉၇၆)၊ “အာဖရိကဝတ္ထုတိုများ”၊ “မန္တလေးသူ မန္တလေးသားများ”၊ “ထိုင်းဝတ္ထုတိုများ” (၁၉၉၂)၊ “ရတနာပုံမန္တလေး ကျွန်မတို့ မန္တလေး”၊ “သာသနာ့တန်ဆောင်ဆရာတော်ကြီးများ”၊ “ကျွန်မတို့ငယ်ငယ်က”၊ “အမေ့ရှေး စကား”(၁၉၉၇) အပါအဝင် လုံးချင်းစာအုပ် ၅၀ နီးပါးထုတ်ဝေခဲ့တယ်။ လူထုဒေါ်အမာ ၉၂ နှစ်ဟာ ဗမာနှစ် ၁၃၇၀ ပြည့် တန်ခူးလဆန်း ၂ ရက်၊ ၂၀၀၈ ဧပြီ ၇ ရက် တနင်္လာနေ့ ကွယ်လွန်သွားတယ်။
“မိုးမိုးအင်းလျား” တန်ဆောင်မုန်းလဆန်း ၉ ရက်မွေး
မိုးမိုး (အင်းလျား)ဟာ ဘဝသရုပ်ဖော်ဝတ္ထု စာရေးဆရာမပါ။ “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထုက သူ့ အကောင်းဆုံး လက်ရာပါတဲ့။ “အချစ်ဆိုသောအရာ”၊ “မှတစ်ပါး အခြားမရှိပြီ” ဝတ္ထုတွေကို ရုပ်ရှင်ရိုက်ကူးပါတယ်။
စာရေးဆရာမ မိုးမိုး (အင်းလျား) ကို ၁၉၄၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ( မြန်မာ ၁၃၀၆ ခု တန်ဆောင်မုန်းလဆန်း ၉ ရက်) မှာ ဦးထွန်း၊ ဒေါ်မြရှင် တို့က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့မှာ ဖွားမြင်တယ်။ ဒိုက်ဦး အထက်တန်းကျောင်း သတ္တမတန်းကျောင်းသူဘဝ ကဗျာတွေ စ ရေး တယ်။ ၁၉၆၅ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် သင်္ချာအဓိကနဲ့ တက်ရောက်နေထိုင်ရာ အင်းယျားဆောင်ကိုအစွဲပြုပြီး မိုးမိုး (အင်းလျား) ကလောင်ကိုယူတယ်။ ၁၉၆၅ မတ်လ တိုင်းရင်းမေဂျာနယ်ပါ 'ရွက်လှပန်းလေးကိုယ့်ဘဝ' ကဗျာနဲ့ စာပေနယ် ကို စဝင်တယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်နဲ့ ဆောင်းပါးတွေကို ၁၉၉ဝ မတ် ၁၃ ကွယ်လွန်ချိန်ထိ ရေးခဲ့ရာမှာ ဝတ္ထုတိုနဲ့ မဂ္ဂဇင်းဝတ္ထု ၁ဝ၁ ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ ပုဒ်နဲ့ ဆောင်းပါး ၅၅ ပုဒ်လောက် ရေးခဲ့တယ် “ပျောက်သောလမ်းမှာစမ်းတဝါး” ဝတ္ထုနဲ့ ၁၉၇၄ ခု အမျိုးသားစာပေဝတ္ထုရှည်ဆု၊ မဂ္ဂဇင်းဝတ္ထုရှည်တွေနဲ့ ၁၉၈ဝ ပြည့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ဝတ္ထုတိုများ (၁) နဲ့ ၁၉၈၂ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ဝတ္ထုတိုများ (၂) နဲ့ ၁၉၈၆ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆု စသဖြင့် အမျိုးသားစာပေဆု လေးကြိမ်ရခဲ့တယ်။
မောင်ပေါက်စည် (မန်းတက္ကသိုလ်) - တန်ဆောင်မုန်းလကွယ်နေ့ဖွား
“ဧည့်သည်”
လာရောက်ခိုနား
သူပျံသွားသော
ကိုင်းဖျားသိမ့်သိမ့်ခါသတည်း။ (၁၉၅၈)
မောင်ပေါက်စည် (မန်းတက္ကသိုလ်) လှိုင်းပုတ်သံကဗျာများ စာအုပ်မှ . . .
ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကို အဖ မန္တလေး သာသာနာပိုင်နယ် ဂိုဏ်းထောက်ကြီး ဦးလုကာဘိုးကဲ (ဗမာ)၊ အမိ ဒေါ်လေးဆင့် (ကရင်) တို့က မြစ်သားမြို့မှာ ၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ( မြန်မာ ၁၂၉၄ ခုနှစ် တန်ဆောင်မုန်း လကွယ်နေ့) မှာ မွေးဖွားခဲ့တယ်။ အမည်းရင်း အင်ဒရေမြဟန်။ မန္တလေးတက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရခဲ့တယ်။
၁၉၅၉ ခုနှစ် မန္တလေးမြို့ ရာပြည့် ပွဲတော်အထိမ်းအမှတ် “မန်းရာပြည့်ကဗျာများ” စာအုပ် ထုတ်ဝေခဲ့တယ်။ ၁၉၅၈ - ၁၉၆ဝ အထိ စိန့်ပီတာ အထက်တန်းကျောင်းမှာ ကျောင်းအုပ်လုပ်ခဲ့တယ်။ ၁၉၇၄ ခုနှစ်၊ မေလ ၁ ရက် ရန်ကုန်မြို့ ရှင်မိက္ခေလ ဘုရားကျောင်းမှာ ဆရာမ ဒေါ်ဒေါ်လီနဲ့ လက်ထပ်။ ၁၉၈၃ ခုနှစ်၊ စက်တင်ဘာကစပြီး မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော် များကောင်စီ အထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ၁၉၈၈ ဧပြီလထိ ထမ်းဆောင်ခဲ့တယ်။ သာသနာပိုင်ချုပ် အန်ဒရေမြဟန် ခေါ် မောင်ပေါက်စည်ဟာ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာတွေ ရေးသားခဲ့တယ်။
မြန်မာစာပေကို နှစ်သက်ပြီး စစ်ပြီးခေတ် မန္တလေး တက္ကသိုလ်သမိုင်းမှာ ပထမဦးဆုံး မြန်မာစာဂုဏ်ထူးရှင်ပါ။ လေးချိုး၊ တေးထပ်၊ ဘောလယ်၊ တျာချင်း၊ အိုင်ချင်း အစရှိတဲ့ ဂန္ထဝင်ပုံစံကဗျာတွေကို ကောင်းကောင်းရေးစပ် သီကုံးနိုင်သူဖြစ်တယ်။ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ရဲ့ အငြိမ်းစား သာသနာပိုင်ချုပ် ဒေါက်တာအန်ဒရေမြဟန် (ခေါ်) စာရေးဆရာ မောင်ပေါက်စည်ဟာ ၂၀၀၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီမှာ ခရစ်တော်၌ အိပ်ပျော်သွားခဲ့တယ်။
“သမိုင်း”
ကြည်။
ပဲပြုတ်နဲ့ နံပြား
စားချင်သည်။
ရှေးအတေတီက မှတ်တမ်း
သူရဲကောင်း သခင်အောင်ဆန်း
သမိုင်းနဲ့လွမ်း။
မောင်ပေါက်စည် (မန်းတက္ကသိုလ်)
စင်ကာပူ (MRT ပေါ်မှာရေး) လှိုင်းပုတ်သံကဗျာများ စာအုပ်မှ . . .
“စာရေးဆရာ ကဗျာဆရာ ဂုဏ်ဝင်း” ၁၂၉၁ ခုနှစ်တန်ဆောင်မုန်းလဆန်း ၃ ရက်မွေး
စာရေးဆရာ ကဗျာဆရာ ဂုဏ်ဝင်းကို ၁၉၂၉-ခုနှစ် နိုဝင်ဘာ ၃ ရက် (မြန်မာ ၁၂၉၁ ခု တန်ဆောင်မုန်းလဆန်း ၃ ရက်) က ရန်ကုန်မှာ အဖ အမျိုးသားပညာဝန် ဦးစိုးဝင်း၊ အမိ ဒေါ်မမကြီးတို့ကဖွားမြင်တယ် အမည်ရင်း ဦးအောင်သန်းဝင်း ဖြစ်တယ်။ ရန်ကုန် တက္ကသိုလ်မှာ ၁၉၅၄ ခုနှစ် ဝိဇ္ဇာဘွဲ့ရတယ်။
၁၉၄၇-ခုနှစ်ကစ ဒီးဒုတ်ဂျာနယ်မှာ စာစရေးတယ်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ စုံထောက်ဝတ္ထု ဘာသာပြန်တွေ ရေးသားခဲ့တယ်။ ပြား (၆၀)တန် ဝတ္ထုခေတ်မှာ “ထိုက္ကတ္ထိ” (၁၉၆၀)၊ “ချစ်လျှက်နှင့်ပင်” (၁၉၆၁)၊ “ပင်လယ်လမ်း” ၊ “အရိုင်း ခေါ်သံ” Jack London ရဲ့ call of the wild(၁၉၅၈)“တွမ်ဆောယား” (၁၉၅၆)၊ “မဟာပထဝီ(၂)တွဲ” (၁၉၆၀) ကိုလည်း ဘာသာပြန် ထုတ်ဝေခဲ့တယ်။ “တိရစ္ဆာန်ရုံကဗျာများ” (၁၉၆၈) ကိုလည်း ရေးခဲ့တယ်။ ဂုဏ်ဝင်းအပြင် “အေးမွန်” ကလောင်နဲ့လည်း ရေးခဲ့တယ်။ ၂ဝဝ၂ ဖေဖော်ဝါရီ ၁၈ ရက်က ကွယ်လွန်ခဲ့တယ်။
“တယောက်သောသူအတွက်” (ဂုဏ်ဝင်း)
အော်. . . . သူငယ်ချင်း
မင်းနှင့်ငါတို့၊ ပညာနို့ကို
စို့ခဲ့အတူ၊ လူလားလျှင်မြောက်
အရွယ်ရောက်မှ၊ တယောက်တမြေ
တနယ်နေခြား၊ မင်းပြစ်သွားခဲ့
ငါကားသည်ဝယ်၊ ဖားသူငယ်လား
ကိုယ့်အိုင်နားမှ၊ ဖဝါးမခွာ
ချစ်လှစွာသည်၊ မြန်မာပီပီ မြန်မာတည်း။ ။
မင်းလှညွန့်ကြူး- - - -သို့ (ရှုမဝမဂ္ဂဇင်း ၁၉၅၉ စက်တင်ဘာ)
“ပီမိုးနင်း” (၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက် မွေးဖွားသူ)
စာရေးဆရာကြီး ပီမိုးနင်းကို မြန်မာ သက္ကရာဇ် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက်က သုံးဆယ်မြို့မှာ မွေးခဲ့တယ်။ ဒီနှစ် တန်ဆောင်မုန်းက သူ့ ၁၃၇ နှစ်ပြည့်။ ငယ်မည် မိုးနှင်း ဖြစ်ပြီး မိုးနှင်းတွေ ထူထူကျတဲ့နေ့မွေးလို့ ဒီနာမည် ပေးခဲ့တာပါ။ ဇာတာနာမည်က မောင်ကျော်ညွန့် ။ စာရေးတဲ့အခါ ခရစ်ယန်ကျောင်းတက်စဉ်က နာမည် ပီ နဲ့ မိုးနှင်း ကို ပေါင်းပြီး ပီမိုးနင်း ကလောင်ယူခဲ့တာပါ။ သူ့ကလောင်ခွဲတွေက ပိုက်ဆံကြီး၊ ကြွက်စုတ်ကြီး၊ လေပွေကြီး၊ ပေါက်စိန်နဲ့ လူမင်းတို့ဖြစ်ကြ တယ်။
ပီမိုးနင်းဟာ မြန်မာ စာဖတ်ပရိသတ် စိတ်နှလုံးကို ဒီနေ့အထိ ဆွဲဆောင်စေတဲ့ ဝတ္ထုရှည်၊ ဝတ္ထုတို အမြောက်အမြား၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိုး၊ ကြီးပွား တိုးတက်ရေးဆိုင်ရာ စာအုပ်စာတမ်း အဖုံဖုံကို ရေးသားခဲ့တယ်။ “နေရီရီ”၊ “ပွဲစားကြီး သားအဖနှင့်မြမြ”၊ “ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်”၊ “သဲမြညှာ”၊ “တစ်ကိုယ်တော်”၊ “နေညိုညို”၊ “ပင်လယ်ကူး ဓာတ်ပုံ”၊ “သူရဲကောင်းသုံးယောက်”(ဘာသာပြန်)၊ “သားဂုဏ်ရည်”၊ “သမီးဂုဏ်ရည်” စသဖြင့် စာအုပ် ၅ဝ လောက် ရေးခဲ့ပါ တယ်။ သူဟာ မြန်မာ့ပထမဆုံး ဇာတ်လမ်းရုပ်ရှင် “မေတ္တာနဲ့သူရာ” ကို ဇတ်ညွှန်းရေးသားခဲ့သူပါ။ ဆရာကြီး ပီမိုးနင်းဟာ ၅၆ နှစ် အရွယ် ၁၉၄၀ ဇန်နဝါရီ ၆ (မြန်မာ ၁၃၀၁ ခု နတ်တော်လဆုတ် ၁၂ ရက်နေ့) စက်ဘီးတိုက်မိရာက ကွယ်လွန်ခဲ့တယ်။
“လူက စိတ်ကို အုပ်ချုပ်သည်။
စိတ်ကို ဉာဏ်ပညာက အုပ်ချုပ်သည်။
ဉာဏ်ပညာကို စာပေဗဟုသုတက အုပ်ချုပ်သည်။
ထို့ကြောင့် အချိန်ရက
စာများများ ဖတ်ကြ။ (ပီမိုးနင်း)
“စာရေးဆရာမာဃ” တန်ဆောင်မုန်းလဆုပ် ၂ ရက် ကွယ်လွန်
စာရေးဆရာမာဃကို ၁၉၁၃ အောက်တိုဘာ ၃ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ချောင်းရွာမှာ ဦးအောင်သာ၊ ဒေါ်ငွေခဲတို့မှ ဖွားမြင်တယ်။ နာမည်ရင်း ဦးသာတင်။ ၁၉၈၈ နိုဝင်ဘာ ၂၅ (မြန်မာ ၁၃၅၀ ပြည့် တန်ဆောင်မုန်းလဆုတ် ၂ ရက်) က ရန်ကုန်၊ ဖဆပလတိုက်နေအိမ်မှာ ကွယ်လွန်တယ်။ သူဟာ ရဟန်းတော် ဦးသုစိတ္တ ဘဝနဲ့ ၁၅ နှစ်ကြာ စာပေသင်ခဲ့ တယ်။ တိုင်းရင်းဆေးပညာကို သဘာဝဓမ္မ ဆရာတော်ဦးဣန္ဒြိယ၊ ဓာတုလက္ခဏာ ဇောတိဆေးကျမ်းပြု ဆရာကြီး ဦးစိုးမင်း၊ သဘာဝဓမ္မ ဆရာသန်းတို့ထံ လေ့လာခဲ့တယ်။ ၁၆ နှစ်မှာ “အောင်တော်မူခဏ်းပျို့”ကို စပ်ဆိုတော်မူတယ်။ “ဥမ္မာဒန္တီဇာတ်”၊ “ဗြဟ္မဝိဟာရဝလ္လရီ” စတာတွေရေးခဲ့တယ်။ ၁၉၃၇ ခုနှစ် ရဟန်းဘဝကို စွန့်ပြီး သူရိယသတင်းစာတိုက်မှာ အယ်ဒီတာ လုပ် တယ်။ သံတော်ဆင့် သတင်းစာအယ်ဒီတာ၊ သမားတော်မဂ္ဂဇင်း အယ်ဒီတာ၊ သာသနာ့ရောင်ခြည်စာစောင် အယ်ဒီတာ ၁၉၅၂ - ၁၉၆၇ ထိ လုပ်ခဲ့တယ်။
ဆရာမာဃဟာ အထုပ္ပတ္ထိ၊ ဝတ္တု၊ ကဗျာနဲ့ ဆောင်းပါးပုဒ်ရေ ၄၇ဝ ကျော် ရေးသားခဲ့တယ်။ သူ့ရဲ့ ကလောင်ခွဲတွေက ဃောသ၊ ဓနုဖြူ၊ ရေကြည် ဦးသာတင်၊ ဝဏ္ဏကျော်ထင် ဦးသာတင်၊ ဣန္ဒြေ၊ အယ်ဒီတာတို့ ဖြစ်တယ်။ “လှိုင်ထိပ်ခေါင်တင်”၊ “အင်းဝခေတ် စာပေသူရဲကောင်း”၊ “မြန်မာဘာသာ သဒ္ဒါဗေဒနှင့် အခြေခံများကို ပြဆိုရာကျမ်းများ”၊ “စာဆိုတော်ကြီး ရှင်မဟာသီလဝံသ”၊ “လူငယ်များအတွက် ခေတ်မီ ဗုဒ္ဓဝင်”နှင့် “အခြေခံ ဗုဒ္ဓဘာသာ”၊ “သီတာမောင်နှမ နှင့် အခြားဝတ္ထုတိုများ”၊ “သင်္ဂါယနာသမိုင်းစုံ”၊ “အနန္တသူရိယ”၊ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မှာတော်ပုံ အကျဉ်းချုပ်”နဲ့ “ဂျပန်စကားပြောနည်း” အပါအဝင် စာအုပ်ပေါင်း ၄၀ လောက် ရေးသားခဲ့တယ်။
ဗန်းမော်ညိုနွဲ့ - တန်ဆောင်မုန်းလဆုတ် ၁၁ ကွယ်လွန်
ကဗျာဆရာ ဗန်းမော်ညိုနွဲ့ကို ၁၉၂၂ ဒီဇင်ဘာ ၂၇ မှာ ဦးစုနဲ့ ဒေါ်ရင်တို့က ဗန်းမော်မြို့မှာ မွေးဖွားတယ်။ အမည်ရင်း ဦးပုထွေး။ သူဟာ ကျောင်းဆရာဘဝနဲ့ ကဗျာတွေရေးသားခဲ့ပြီး (မြန်မာ ၁၃၇၁ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၁ ရက်) ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ကွယ်လွန်ခဲ့တယ်။ သူဟာ ၁၃၀ဝ ပြည့်အရေးတော်ပုံ ကာလကစ ကဗျာ၊ စာပေတွေ ရေးသားခဲ့ပြီး ၁၉၆၃ ခုနှစ် “အရုဏ်ဦး ကလေးကဗျာများ” စာအုပ်နဲ့ စာပေဗိမာန် အနုပညာ စာပေဆိုင်ရာ ကလေးသူငယ်စာပေ ပဌမဆုကို ရရှိခဲ့တယ်။ သူ့ကဗျာတွေကို မူလတန်း၊ အထက်တန်းနဲ့ တက္ကသိုလ်အဆင့်ဆင့်အတွက် ပြဋ္ဌာန်းခဲ့တယ်။ ပြည်ညွန့်၊ အရှေ့ တိုင်း၊ သစ်ဆန်း၊ ပဒေသာ၊ သွေးသောက်၊ ရှုမဝ၊ မြဝတီနဲ့ ငွေတာရီ မဂ္ဂဇင်းတွေမှာ ကွယ်လွန်ချိန်အထိ ကဗျာပုဒ်ရေ (လက်ရေး မူ မှတ်တမ်းတွေအရ ၁၁၅၉ ပုဒ်) ရှိတယ်။ ၁၉၉ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်။ စစ်အစိုးရက သူ့ကဗျာရေးခွင့်ကို ကွယ်လွန်ချိန်အထိ ပိတ်ပင်ထားခဲ့တယ်။
အလားတူပဲ တန်ဆောင်မုန်းလအတွင်းမှာ မွေးဖွားခဲ့ကြတဲ့ ကွယ်လွန်ခဲ့ကြတဲ့ နောက်ထပ် စာဆိုတော်ကြီးတွေကလည်း ကျန်ရှိ နေပါသေးတယ်။ ဒါပေမဲ့လည်း သည်တခေါက်တော့ အခု ဖော်ပြခဲ့တဲ့ စာဆိုတော်ကြီးတွေကိုသာ တင်ပြပေးလိုက်ပါတယ်။ ကျန်ရှိနေသူတွေကို နောင် အလျဉ်းသင့်သလို ဖော်ပြပေးပါ့မယ်။
ခဝဲဝါပွင့်ညီ
မီးပုံးစီမှုန်း
တန်ဆောင်မုန်းလရဲ့
ထူးခြားချက်တွေထဲမှာ အခုလို စာဆိုတော်ကြီးတွေ မွေးဖွားခဲ့ကြ၊ ကွယ်လွန်ခဲ့ကြတဲ့လလည်း ဖြစ်သလို တန်ဆောင်မုန်း လပြည့်ဟာ အဇာတသတ်မင်းကို အကြောင်းပြုလို့ ဗုဒ္ဓဘုရားရှင်က သာမညဖလသုတ်တော် ဟောခဲ့ရာ အခါတော်နေ့လည်း ဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဟာ အမျိုးသားနေ့လည်းပါ။ မီးထွန်းပွဲ၊ မီးပုံးပျံပွဲနဲ့ ဒါနပြု လှူဒါန်းမှုတွေ ပြုသင့်ကြတဲ့ကာလ ဖြစ်သလို ရတနာသုံးပါး ဆည်းကပ် ကိုးကွယ်ပြီး ဉပုသ်သီလဆောက်တည် တရားဘာဝနာပွားများ နေထိုင်သင့်တဲ့ အခါသမယလည်း ဖြစ်ပါတယ်။ အလားတူပဲ ဒီလမှာ မွေးဖွားခဲ့ကြတဲ့ ဆရာမကြီး လူထုဒေါ်အမာ၊ ဆရာမ မိုးမိုး (အင်းလျား)၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်)၊ စာရေးဆရာဂုဏ်ဝင်းနဲ့ စာရေးဆရာကြီး ပီမိုးနင်း၊ ဒီလမှာ ခွဲခွာသွားကြကုန်တဲ့ ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့၊ စာရေးဆရာကြီး မာဃ တို့ကိုလည်း သတိတရ ရှိနေကြပါတယ်ဗျာ။ ။