မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေး
DVB
·
November 25, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေကို နိုဝင်ဘာ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက "အစိုးရအဖွဲ့ဝန်ကြီးတွေ အပါဝင်၊ အစိုးရအဖွဲ့ အစည်းဝေးတက်ရောက်တဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ၊ ယာဉ်မောင်းတွေ အပြင် အနီးစပ်ဆုံးနေတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာမှာ ရောဂါပိုးမတွေရဘူး။ အစိုးရအဖွဲ့အနေနဲ့ တစ်ပတ်ကိုတစ်ကြိမ်လောက် အစည်းဝေးမှာ ထိတွေ့နေရတာဖြစ်သလို မကွေးတိုင်းအတွင်းမှာလည်း ဒေသတွင်းကူစက်မှုတွေရှိနေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ဆေးခဲ့တာ"လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၃ ဦးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၂၂၅ ဦးထိတွေရှိထားပြီး ဆေးရုံဆင်းခွင့်ရသူ ၉၂၂ ဦးရှိပြီးတော့ သေဆုံးသူက ၃ ဦးရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း - မင်းထီး၊ ဓာတ်ပုံ - ကိုထွေး