ကိုဗစ်-၁၉ ကူးစက်ခံရသည့် မဲရုံတာဝန်ကျဆရာ၊ ဆရာမများကို ထောက်ပံ့ငွေပေးအပ်မည်
DVB
·
November 25, 2020
၂၀၂၀ ထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထောက်ပံ့ငွေပေးအပ်သွားဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က "တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေကို အဖွဲ့ချုပ်ရဲ့ ရန်ပုံငွေထဲက တတ်နိုင်သလောက် ကူညီထောက်ပံ့ရင်း အားပေးစကားပြောသွားမှာဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနကိုလည်း ကူးစက်ခံရတဲ့ ဆရာ၊ဆရာမတွေအတွက် တခြားနည်းလမ်းနဲ့ကူညီဖို့ တင်ပြထားပါတယ်"လို့ ပြောပါတယ်။
ဆရာ၊ဆရာမ တဦးကို ထောက်ပံ့မယ့်ငွေပမာဏကို သေချာမသတ်မှတ်ရသေးတာကြောင့် အစည်းအဝေးမှာ ဆွေးနွေးတိုင်ပင်ပြီးမှ သိရမယ်လို့ဆိုပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ ဆရာ၊ဆရာမများ၊ ပညာရေးဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်သို့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို လူမှုကွန်ရက်စာမျက်နှာကတဆင့် ကြေညာပေးထားပြီး ဖြစ်ပါတယ်။
ဒီနေ့အချိန်အထိ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ဆရာ၊ဆရာမ အယောက် ၃၀ ကျော်အထိ ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ဆီက သိရပါတယ်။
သတင်း- အိသဇင်ခိုင်