မကွေးတိုင်းတွင် ရွေးကောက်ပွဲနှင့်ဆက်နွှယ်ပြီး အရေးယူထားသည့် အမှုပေါင်း ၆၅ မှုရှိ
DVB
·
November 24, 2020
မကွေးတိုင်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူတဲ့အမှုတွေ အပါအဝင် ရွေးကောက်ပွဲနဲ့ ဆက်နွှယ်ပြီး ဖြစ်ပွားတဲ့ အမှုပေါင်း ၆၅ မှု အရေးယူထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အရေးယူထားတဲ့ အမှုတွေကတော့ မကွေးခရိုင်မှာ ၁၇ မှု၊ မင်းဘူးခရိုင်မှာ ၁၇ မှု၊ ပခုက္ကူခရိုင်မှာ ၂၄ မှု၊ ဂန့်ဂေါခရိုင်မှာ ၁ မှုနဲ့ သရက်ခရိုင်မှာ ၅ မှုရှိတယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ ရဲမှူးဌေးလွင်က ပြောပါတယ်။
“ရွေးကောက်ပွဲ ဥပဒေနဲ့ ၂၃ မှု၊ ရာဇသတ်ကြီးဥပဒေနဲ့ ၃၀ မှု၊ တည်ဆဲဥပဒေနဲ့ ၇ မှု နဲ့ တရားရုံးဦးတိုက်မှုက ၅ မှု ဖြစ်ပွားခဲ့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ရက်မှာ ဥပဒေချိုးဖောက်တဲ့ ဖြစ်စဉ် ၂၂ ခုဖြစ်ပွားခဲ့ပြီး ၂ မှုကတော့ အမှုဖွင့် အရေးယူခဲ့ပြီးတော့ ကျန်တဲ့ဖြစ်စဉ်တွေက စေ့စပ်ညှိနှိုင်းရေးကော်မတီက ညှိနှိုင်း ဖြေရှင်းပေးခဲ့တာ” လို့ ပြောပါတယ်။
အရေးယူထား အမှုတွေထဲမှာ ရွေးကောက်ပွဲကာလအတွင်း မဲနှစ်ကြိမ် ပေးတာတွေ၊ အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ မဲလာပေးတာတွေ၊ ကိုယ်စားလှယ်လောင်း စာအိတ်အမည်မှားတာတွေ၊ တံဆိပ်တုံးအတုကိစ္စတွေ၊ မဲရုံကို လာရောက် ရမ်းကားတာတွေအပြင် တခြားဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၈၈ နေရာစလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
သတင်း-မင်းထီး