Home
အနုပညာ
အလန်းစား ရိုက်ချက်များဖြင့် ထွက်ရှိလာသည့် စိုင်းစိုင်းခမ်းလှိုင် သီချင်းအမ်တီဗီ-“OMG” (ရုပ်သံ)
DVB
·
November 24, 2020
သူမရဲ့ ညှို့မျက်ဝန်းနဲ့ ကျနော့်ကို လိုက်ကြည့်တယ်… အဲ့သလောက်ထိ စိုက်မကြည့်နဲ့ မျက်လုံးချင်းခိုက်မိမယ်… တော်တန်ရုံ ရင်မခုန်တတ်တဲ့လူတောင် အရှိုက်ထိခဲ့… အဲ့ဒါမျိုး လာလာမကြည့်နဲ့ ကြာရင်ကြိုက်မိမယ်… ကျနော့်ရဲ့ရင်ကို ဒိုင်းခနဲထိတယ်… သံဆူးကြိုးအတိုင်းပဲ ငြိတယ်… မခို့တရို့အထာတွေပေးတာ စိတ်က ထင်ရာစိုင်းခဲ့မိမယ်…သူ့အနားက ဝဲတဲ့ပိတုန်းတွေ… ဘယ်သူမှ တကယ်မချစ်ဘူးတဲ့… ကျနော်က ငယ်ငယ်ထဲက ချစ်တဲ့ ဦးမို့ ငယ်ချစ်ဦးတဲ့” ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းမြူးဇစ်ဗီဒီယိုတပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။ OMG လို့ အမည်ပေးထားတဲ့ ဒီသီချင်းကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ထွက်ရှိခဲ့ပြီးဖြစ် တဲ့ “Sai Sai is Sai Sai"တေးအယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ ခုတခါ မြူးဇစ်ဗီဒီယိုအနေနဲ့ ဖန်တီးမှုမှာတော့ စိုင်းစိုင်းနဲ့အတူ မော်ဒယ်လ်  Htoi Len က ပါဝင်ထားခဲ့တာဖြစ်ပြီး ဒါရိုက်တာ Snow Miley က အမိုက်စား အလန်းစားရိုက်ချက်တွေနဲ့ ဖန်တီးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ “Oh My God အံ့သြတာပဲ… လူကို မြူသလိုလို လာပြီးကြည့်နေတယ်… လာပြီး အုံးမစားနဲ့ ပြန်ပြောလိုက်မှာပဲ… ချစ်မိသွားရင် တကယ်မလွယ်ဘူး မင်း သိပါတယ်… ဒီလိုဆို ကျွတ်နေပြီ ကောင်မလေး ကျွတ်နေပြီ… ကျွတ်နေပြီ…  ကောင်မလေး ကျွတ်နေပြီ … ကျွတ်နေပြီ ကောင်မလေး ကျွတ်နေပြီ… ကျွတ်နေပြီ ကောင်မလေး ကျွတ်နေပြီ… အလှပဂေးတွေ ဒုနဲ့ဒေးပဲ… ဘယ်တော့မှ မစမ်းချင်ခဲ့… အချစ်ကို ကျနော် မူးယစ်ဆေးလို အမြဲကိုဆန့်ကျင်တယ်… သူမရဲ့ အထိအတွေ့ကတော့ တိုက်ပွဲခေါ်သံပဲ… ဖုန်းဆက်ဖို့ Number တောင်းတယ်… ပြီးမှ အပျော်မကြံနဲ့… အိပ်နေတဲ့ နဂါးကိုလှုပ်ခါနိုးတယ်… ပိုး ဖလံလို မီးကိုတိုးတယ်… ရင်ထဲမှာ လိပ်ပြာတစ်သိန်းတောင် အတောင်ပံခတ်နေခဲ့တာ ဆိုးတယ်… သူ့တော်ကီကြားထဲမြုပ်တယ်… အီစီကလီတွေ တအားလည်းမလုပ်နဲ့… ကျနော် စကားလေးတစ်ခွန်းလောက် ပြောလိုက်ရင်တောင် Facebook မှာ ငလျင်လှုပ်တယ်” စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့  ‘ချောကလက်ရောင် ရေခဲအိပ်မက်’ တေးစီးရီးနဲ့ စတင် လူသိများလာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။ စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကတော့ သူကိုယ်တိုင် ထုတ်လုပ်ခဲ့တဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ကားကိုလည်း ရုံတင်ပြသနိုင်ခဲ့တာပါ။ သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်းနီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ်စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက အသက် ၄၁ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ မွေးနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲကို လတ်တလော COVID-19 ကပ်ရောဂါကြောင့် အိပ်ခန်းထဲမှ ဖျော်ဖြေပွဲအသွင် “Sai Sai Birthday Show” in Bedroom လို့ အမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပရိသတ်တွေနဲ့အတူ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024