Home
မြန်မာသတင်း
တပ်စွန့်မြေပေါ် မြို့မြေကွက်သစ်ရိုက်ပြီး ငွေကြေးကောက်ခံမှု လွှတ်တော်က စစ်ဆေးညှိနှိုင်း
နော်နိုရင်း
·
November 23, 2020
တပ်က ပြန်လည်စွန်လွှတ်တဲ့ တောင်ယာမြေတွေအား ကျေးရွာလူထုကို ပြန်ခွဲဝေမပေးဘဲ မြို့မြေကွက်သစ်တွေရိုက်ပြီး ငွေကြေးကောက်ခံမှုတွေရှိနေတာကြောင့် ကယားပြည်နယ် လွှတ်တော်တိုင်စာပစ်စာအဖွဲ့က လွှတ်တော် ကြားနာခန်းမမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ခေါ်ယူစစ်ဆေးညှိနှိုင်းခဲ့ရပါတယ်။  ဖြစ်စဉ်မှာ လွိုင်ကော်မြို့နဲ့ တမိုင်ခန့်အကွာ လွယ်တမူကျေးရွာအနီးရှိ ခလရ ၂၅၀ က ၂၀၁၆ ခုနှစ်ကတည်းက ပြန်လည်စွန့်လွှတ်ထားတဲ့ တပ်စွန့်တောင်ယာမြေ ၁၉၄ ဧကထဲက ၉၇ ဧကကိုသာ တောင်သူတွေဆီ ပြန်လည်ပေးအပ်ပြီး ကျန် ၉၇ ဧကနဲ့ ရွာဟောင်းမြေတွေကို မြို့မြေကွက်သစ် အဖြစ် ဌာနဆိုင်ရာတွေက အိမ်မြေကွက်ရိုက်ခဲ့ပါတယ်။ ဒီလိုမြေကွက်ရိုက်ရာမှာလည်း မူလပိုင်ရှင်တောင်သူတွေ မြေကွက်တွေပေးရတဲ့အပြင်၊ မြေပုံစံတွေ ထုတ်ပေးမယ်ဆိုပြီး ငွေကြေးတောင်းခံမှုတွေရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့ အတွက် လွှတ်တော်က ညှိနှိုင်းပေးခဲ့ရတာဖြစ်ပါတယ်။  တောင်သူတွေဆီကနေ တရားမဝင်ကောက်ခံတဲ့ငွေတွေကို ပြန်အမ်းပေးတဲ့အထိ ညှိနှိုင်း ပေးခဲ့တယ်လို့ တိုင်စာပစ်စာအဖွဲ့အတွင်းရေးမှူး ဦးမြင့်မောင်က ပြောပါတယ်။  “ဒီဟာကို မူလတောင်သူတွေကို သူတို့က ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၃ ထုတ်ပေး ထားတာရှိတယ်။ ပြီးတော့ ပုံစံ ၇ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးထားတာရှိတယ်။ ကျန်တဲ့ ၉၇ ဧကကို သူတို့အစိုးရက နေပြီးတော့ စီမံခန့်ခွဲပြီးတော့ အိမ်ဝိုင်းကွက်တွေ ဖော်ထုတ်တဲ့အတွက် တောင်သူတွေက ဒီအပေါ်မှာ မကျေနပ်တဲ့အတွက် ကျနော်တို့ လွှတ်တော်ကို တိုင်ကြားတဲ့အဖွဲ့ ၃ ဖွဲ့ရှိတယ်။ အဲဒီတိုင်စာတွေပေါ်မှာ ကျနော်တို့ ကြားနာစစ်ဆေးတဲ့အချိန်မှာ ဒီတောင်သူလယ်သမားတွေဆီကနေ ငွေကြေးတွေ ကောက်ခံထားတာရှိတယ်။ ကောက်ခံပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပေးထားတာ၊ ယူထားတာတွေရှိတဲ့အတွက် ပထမဆုံး ကျနော်တို့ဒီ တရားမဝင်ငွေကြေးကောက်ခံထားတာတွေကို စစ်ဆေးဖော်ထုတ်တွေ့ရှိတဲ့အတွက် ဒါတွေကို ကျနော်တို့က ဝန်ထမ်းတွေကို ငှဲ့ညာသောအားဖြင့် ဒီငွေတွေကို ပြန်ပေးဖို့ဆိုပြီးတော့ ညှိနှိုင်း ဆောင်ရွက်ခဲ့တဲ့အတွက် ဒီနေ့ငွေတွေကို ပြန်ပေးပြီး‌တော့ ကောက်ခံထားတဲ့ တောင်သူတွေကို ပြန်ရှင်းလင်းပေးဖို့ ကျနော်တို့ခေါ်ယူညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်ပါတယ်။” တောင်သူ ၉၄ ဦးဆီကနေ တပ်မြေစွန့်လွှတ်ဖို့ ကုန်ကျစရိတ်ဆိုပြီး ကျပ် ၁ သိန်းခွဲဆီ ကောက်ခံမှုတွေရှိခဲ့သလို တပ်စွန့်မြေပေါ်မှာ ပုံစံ ၃ ထုတ်ပေးမယ်ဆိုပြီး ကျပ် ၃ သောင်း၊  ၁ သိန်း၊ ၃ သိန်း စသဖြင့် တောင်သူတွေက ပေးခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် မြေကွက်လာရိုက်တဲ့အခါမှာလည်း မြေကွက်လာရိုက်မှုအတွက်ကုန်စရိတ်ဆိုပြီး ငွေကြေးကောက်ခံတာ၊  ကျွေးမွေးဧည့်ခံစရိတ်၊  မြေဂရန်ရမယ်ဆိုပြီး ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့လည်း ဦးမြင့်မောင်က ပြောပါတယ်။  “တောင်သူခေါင်းဆောင်လို့ပဲ ပြောရမှာပေါ့နော်။ ရွာကပဲ ရွာအလိုက်အဖွဲ့တွေဖွဲ့ပြီးတော့ ဒီပေါ်မှာ ပိုက်ဆံ ၁ သိန်းခွဲကောက်တယ်။ ပြီးတော့မှ မြို့နယ်က သက်ဆိုင်တဲ့ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေကို သွားပေးကြတာပေါ့နော်။ ဒါက တပိုင်းပေါ့။ နောက်တပိုင်းက အဲမှာကွင်းတာဝန်ခံ မြေတိုင်းစာရေးကနေပြီးတော့ တောင်သူနားကနေ ရွာက ရွာသူကြီး တယောက်ကို ကြားခံပြီး‌တော့ ၃ သောင်းတို့၊ ၁ သောင်းတို့ ကောက်ခံပြီးတော့ လုပ်တာရှိတယ်။ အခုမြေကွက်ဖော်ထုတ်တဲ့ နေရာမှာလည်း ကုန်ကျစရိတ်တွေ၊ ဧည့်ခံစရိတ်တွေ၊ အခုနပြောသလိုပေါ့ မြေကွက်ရမယ်၊ ‌မြေကွက်ရရင်မြေကွက်တွေကို ဂရန်လုပ်ပေးမယ်။ တကွက်ကို ၃ သိန်း ပေးရမယ်ဆိုပြီး သက်ဆိုင်ရာလူကြီးကနေပြီးတော့ ပြောတာတွေရှိတယ်။” လွယ်တမူရွာခံ တောင်သူ ဒေါ်ထူးမေကတော့ ဘိုးဖွာစဉ်ဆက်ကတည်းကနေလာတဲ့ မြေပေါ့်မှာ မြေကွက်လာရိုက်မှုတွေဖြစ်လို့ စိတ်ညစ်ရကြောင်း ပြောပါတယ်။  “ကျမတို့နေလာခဲ့တာ နှစ်ပေါင်း ၆၀၊ ၇၀ရှိတာပေါ့နော်။ အဲဒါကိုမှ သူတို့က ဘယ်လို လာပြောလဲဆိုတော့ ကျမတို့တောင်ဘာမှမသိလိုက်ရဘူး။ ဌာနဆိုင်ရာတွေနဲ့ သူတို့ အုပ်လိုက်လာ ပြီးတော့ ရဲတွေရော၊ သူတို့ဘာလာလုပ်လဲဆိုတော့ နင်တို့က ကျူးကျော်နယ်မြေတဲ့၊ တိုးချဲ့တဲ့၊ ပြည်ထဲရေးမပေါက်ဘူးတဲ့။ အဲတော့ အကွက်ကျယ်တဲ့သူတွေကို ပြန်စိတ်မယ်ပေါ့။ ကျမတို့ခြံက ကျတော့ ကျယ်တာကော။ လမ်းဖောက်မယ်တဲ့။ လမ်းကတော့ ကြိုက်သလောက်ဖောက်ပေါ့။ ခြံစိုက်တာကတော့ ကျမတို့မလိုချင်ဘူး။ မလိုချင်ဘူးဆိုတော့လည်း မစိုက်လို့မရဘူးပေါ့။ အဲလိုတွေ လာပြောတယ်။ အရမ်းစိတ်ဆင်းရဲရတယ်။ အိမ်အထိ၊ ခြံအထိ အဲလိုလာလုပ်တာပေါ့။” ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကတော့ ဒီလိုဖြစ်စဉ်တွေကို ညှိနှိုင်းမှု တိုင်းမှာ ဌာနဆိုင်ရာတွေက လိုက်မလာတဲ့ အနေအထားတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ “ကျနော်တို့ပထမ သက်တမ်း ၅ နှစ်မှာ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းတာ ပေါ့နော်။ ကျနော်တို့လွှတ်တော်ကနေ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစည်းညှိနှိုင်းလုပ်ပေမယ့် ဌာနဆိုင်ရာတွေက လိုက်မလာကြဘူး။ လိုက်မလာကြတဲ့အကြောင်းအရင်းက မင်းတို့လွှတ်တော် ဘာလုပ်လို့ရလဲ၊ ငါ့တို့က ဟာဆိုတဲ့မာန်မာနတွေ ထားကြတာပေါ့။ ကျနော်တို့က ဒီလိုမဟုတ်ဘူး။ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ ကြားနာပြီး ပြေပြေလည်လည် ဖြစ်ပြီးတော့မှ ကောင်းအောင်ဘယ်လိုအစီစဉ်ချမလဲဆိုတဲ့ ရည်ရွယ်ချက်တခုပဲရှိတယ်။ ဌာနကလူကို ပြုတ်ပါစေ၊ နာပါစေဆိုတဲ့ ကျနော်တို့ဆန္ဒတွေမရှိပါဘူး။ ကျနော်တို့က ၅ နှစ်တကြိမ်ကို ပြည်သူက ရွေးခံမှ ဒီနေရာကိုရောက်တယ်။ ၂၀၁၅ က ကျနော်နိုင်ခဲ့သလို ၂၀၂၀ မှာလည်း ကျနော်ဆက်နိုင်ခဲ့တယ်။ ဒါမျိုးတွေကို ကျနော် ဆက်မဖြစ်စေချင်ဘူးပေါ့။ အားနည်းချက်အများဆုံးတွေ့ရတဲ့ဌာနက မြေစာရင်းဌာနပေါ့။ ဘာလို့တွေ့လဲဆိုတော့ ပုံစံ ၇ တွေ ရရှိမှုအတွက်ငွေတွေယူထားတယ်။ ကိုယ်လုပ်လို့ရတဲ့ဟာ ဆိုရင်တော့ယူပါ။ မလုပ်ပေးနိုင်ဘဲ ယူပြီးတော့မှ ဒီလိုပြဿနာဖြစ်လာတဲ့အခါကျမှ တိုင်ကြားတဲ့ပေါ်မှာ မူတည်ပြီးတော့မှ စစ်ရတာပေါ့နော်။” တပ်စွန့်မြေတွေကို မြို့မြေကွက်ရိုက်ရာမှာ အထွေထွေ ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ရဲတပ်ဖွဲ့ စသဖြင့် အစိုးရဌာနဆိုင်ရာတွေ ပါဝင်ကြတယ်လို့ တိုင်စာပစ်စာအဖွဲ့နဲ့ တောင်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024