A d v e r t i s e m e n t With Us

လီဗာပူးတွင် ရှိနေသရွေ့ ဂျာမနီနည်းပြရာထူးကို စဉ်းစားမည်မဟုတ်ဟု ကလော့ပ်ပြော

ဂျာမနီ လက်ရွေးစင်နည်းပြ ဂျိုအာချင်လိုးရဲ့ နေရာကို အစားဝင်ဖို့ စိတ်ဝင်စားမှုမရှိကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းနဲ့ လမ်းခွဲပြီးချိန်မှသာ ဒီအလုပ်အတွက် စဉ်းစားကောင်း စဉ်းစားနိုင်တယ်လို့လည်း ကလော့ပ်က ပြောပါတယ်။ ဂျိုအာချင်လိုးရဲ့ ဂျာမနီအသင်းဟာ စပိန်အသင်းကို ၆ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်း အပါအဝင် ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတာကြောင့် နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။  ဂျာမနီ လက်ရွေးစင်နည်းပြသစ် ရာထူးအတွက် ရေပန်းအစားဆုံးမှာ ကလော့ပ်ဖြစ်ပေမယ့် အသက် ၅၃ နှစ်အရွယ် နည်းပြကြီးကတော့ ဒါကို ပယ်ချလိုက်ပါတယ်။ ဂျာမနီသား နည်းပြကြီးက “ဒါဟာ ကျနော့်ဘဝမှာ အဖြေရဆုံး မေးခွန်းတွေထဲက တခုလို့ ပြောရပါမယ်။ နောင်တချိန်ချိန်မှာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး။ ကျနော့်မှာ တော်တော်လေး ခက်ခဲတဲ့ အလုပ်တခုရှိနေတဲ့အတွက် အချိန်မရှိပါဘူး။ တစုံတယောက်က ကျနော့်ကို တောင်းဆိုတာမျိုး ရှိနေလား မသိပါဘူး။ ကျနော့်အလုပ်က လီဗာပူးမှာပါ။ ဒီမှာလည်း အခြေအနေတွေက သိတဲ့အတိုင်းပါပဲ။ ကျနော်ဟာ ဒီကကိစ္စတော်တော်များများအတွက် တာဝန်ရှိသူဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေထွက်ပြီး တခြားစိန်ခေါ်မှုတွေကို ရှာဖွေဦးမှာ မဟုတ်ပါဘူး။ ကျနော် အိပ်ရာနိုးပြီဆိုတာနဲ့ စိန်ခေါ်မှုတွေက တတန်းကြီး စောင့်နေပါတယ်” လို့ ပြောပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းမှာ ၂၀၂၄ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသူ ဖြစ်ပြီးတော့ သူ့ရဲ့ အဓိကပြိုင်ဘက်လို့ သတ်မှတ်ခံထားရတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း မန်စီးတီးအသင်းနဲ့ မကြာသေးခင်က ၂၀၂၃ အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပါတယ်။  ဒါကြောင့် ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ သူတို့နှစ်ဦးရဲ့  ပြိုင်ဆိုင်မှုကို ဆက်လက်မြင်တွေ့ရဖို့ ရှိနေပြီး ပရီးမီးယားလိဂ်ဟာ အသင်း ၂ သင်းတည်း ယှဉ်ပြိုင်ရမယ့် လိဂ် မဟုတ်တော့ဘူးလို့ ကလော့ပ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up