Home
မြန်မာသတင်း
ငပြောင်ဆည်ပိုင်မြေအတွင်းက ကျူးကျော်နေအိမ်များ မဖယ်ရှားပါက အရေးယူမည်
DVB
·
November 23, 2020
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် သံရွာက ကျူးကျော်နေအိမ် ၁၆ လုံးဟာ ငပြောင်ဆည်ပိုင်မြေအတွင်း ကျရောက်နေတဲ့အတွက် ဖယ်ရှားခိုင်းထားပြီး မဖယ်ပေးပါက အရေးယူသွားမယ်လို့ ကျောက်ဆည်မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးမိုးစန်းက ပြောပါတယ်။ မြို့နယ်ဆည်မြောင်းဦးစီးဌာနက နိုဝင်ဘာ ၁၀ ရက်ကစပြီး အမိန့်စာထုတ်ဖယ်ရှားခိုင်းတာ နှစ်ကြိမ်ရှိပြီဖြစ်ကာ သုံးကြိမ်မြောက်မှာ မဖယ်ရှားပေးပါက ရဲအရေးပိုင်ခွင့်ဖြစ်သွားပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အမှိုက်ပုံကြီးသာရှိတဲ့ အဲ့ဒီနေရာကို  ရှင်းလင်းနေခဲ့ကြတာဖြစ်ပြီး ကိုဗစ်ကာလမှာ  စားသောက်ရေးအတွက် ရုန်းကန်နေရတဲ့အချိန် အခုလိုနေစရာပါမရှိ ဖြစ်တော့မှာကြောင့် အခက်အခဲ ကြုံတွေ့နေရတယ်လို့ တနေ့လုပ်တနေ့စား ကျူးကျော်တွေက ပြောပါတယ်။ အဲဒီနေရာမှာ နေသူတဦးက “ရဲအရေးပိုင်သွားလို့မှ မဖျက်ဘူးဆိုရင် ဘူဒိုဇာနဲ့ထိုးမယ်တဲ့။ အဲဒီလိုမျိုး ဖြစ်လာမယ်မထင်လို့လည်း ကုန်ကျစရိတ်ခံပြီး ရှင်းလင်းခဲ့ကြတာပါ။ အခုလိုမျိုး နေတယ်ဆိုတာကလည်း စီးပွားဖြစ်မဟုတ်ပါဘူး။ နေစရာမရှိလို့ တဲလေးထိုးနေကြတာပါ” လို့ ပြောပါတယ်။ ဒေါ်မီက “နေစရာမရှိတော့..အရမ်းဝမ်းနည်းမိတယ်။ ကိုယ့်ကလေးက နောက်ဆုံးနှစ်၊ ကျောင်းက မပီးသေးဘူး၊ သူတို့ကအဲ့လိုကြီး ဖယ်ဆိုပြီး စာတွေက တစ်စောင်ပြီး တစ်စောင်ရောက်.. အန်တီတို့က ညလည်းအိပ်မပျော်ဘူး။ စိတ်ဆင်းတွေရဲရတယ်။” လို့ ပြောပါတယ်။ သံရွာက၉ ပရဟိတသမားတဦးဖြစ်တဲ့ ဦးဇော်လင်းအောင် “သူများ အမှိုက်ပုံ စွန့်ပစ်ထားတဲ့နေရာ သူတို့နေတယ်။ ရေပေအနေနဲ့တွက်မယ်ဆိုလည်း လုံးဝအလွတ်ကြီးပါ။ ကျနော်တို့လူတွေက အ,တယ်။ သူတို့ဆည်မြောင်းပိုင်ဆိုပြီး မသတ်မှတ်ခင်ကတည်းက ခုထိ နေလာတဲ့လူတွေ ရှိတယ်။ ဒါ​ပေမဲ့ သူတို့က ကျူးတဲဆိုပြီး သတ်မှတ်သွားတယ်” လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးဖို့ အမိန့်စာထုတ်ဖယ်ရှားတော့မှာဖြစ်ပြီး အဲဒီနေရာမှာ သစ်ပင်စိုက်ပြီး ပန်းခြံပုံစံ လုပ်သွားမယ်လို့ ကျောက်ဆည်မြို့နယ် ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးမိုးစန်းက ပြောပါတယ်။  ကျူးကျော်သူတွေကတော့ ကိုဗစ်ကာလ နေရေး စားရေး အဆင်မပြေတာကြောင့်နဲ့ အခုနေရာဟာ ဆည်မြောင်းလုပ်ငန်းမှာ ထိခိုက်တာ မရှိတာကြောင့် မဖယ်ရှားခိုင်းဖို့ အသနားခံစာ တင်ထားတယ်လို့ သိရပါတယ်။ သတင်း - နွေလှိုင်း(YU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024