ချောက်မြို့အဝင် ကိုဗစ်စစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသည့် ယာဥ် ၆ စီးကို ခံဝန်ထိုးခိုင်း
DVB
·
November 22, 2020
မကွေးတိုင်း၊ ချောက်မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းနှင်တဲ့ မော်တော်ယာဥ် ၆ စီးက ယာဥ်မောင်း ၆ ဦးကို နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမမှာ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ချောက်မြို့ ဒုအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက ပြောပါတယ်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီအချိန်လောက်က ကျောက်ပန်းတောင်း ကျောက်ပုံ ကျေးရွာဘက်က လမ်းခင်းကျောက်တွေ သယ်လာတဲ့ ကုမ္ပဏီတခုပိုင် ၆ ဘီးယာဥ် ၆ စီးက ချောက်မြို့ဝင် မိုလာဂိတ်ကို ရှောင်ကွင်းကြီး ကြေနီကျေးရွာ-ချောက်ရေနံမြေလမ်းကတဆင့် အမှတ် ၁၀ ရပ်ကွက် အေးစေတီလမ်း အတိုင်း ရှောင်ကွင်းဝင်ရောက်ခဲ့တာကြောင့် မြို့နယ် ကိုဗစ် -၁၉ ထိန်းချုပ်ကာကွယ်ရေးအဖွဲ့က တားစီးစစ်ဆေးပြီး Quarantine စင်တာမှာ ကားနဲ့လူတွေကို ထိန်းသိမ်းထားခဲ့တာပါ။
ကိုဗစ်-၁၉ စစ်ဆေးမှုကို ရှောင်ကွင်းလိုခြင်း မဟုတ်ဘဲ မြို့ဝင် တန်ပိုဆောင်ရမှာ စိုးရိမ်လို့ ရှောင်ကွင်းတာလို့ ယာဥ်မောင်းတွေက ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီယာဉ်မောင်းတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အစည်းဝေးဆုံးဖြတ်ပြီး နောက်နောင် အခုလို မလုပ်ဖို့နဲ့ ထပ်လုပ်ခဲ့ပါက ထိရောက်တဲ့ အရေးယူမှု ခံရမယ်ဆိုပြီး ခံဝန်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)