ရိုမန်အင်ပါယာခေတ်က အမျိုးသား ၂ ဦး၏ရုပ်ကြွင်းတွေ့ရှိ

ရှေးဟောင်း ရိုမန်အင်ပါယာလက်ထက်က ပွန်ပေးအီ မြို့ ပျက်စီးရတဲ့ မီးတောင်ပေါက်ကွဲမှု အတွင်း ချော်ရည်ဖုံး သေဆုံးတဲ့ အမျိုးသား ၂ ယောက်ရဲ့ မပျက်စီးတဲ့ ရုပ်ကြွင်းတွေကို ရှေးဟောင်း သုတေသီတွေက ရှာတွေ့ခဲ့တယ်လို့ အီတလီ ယဉ်ကျေးမှု ဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ “ရုပ်ကြွင်းတခုဟာ အသက် ၃၀ နဲ့ ၄၀ ကြားက အဆင့်အတန်းမြင့်တဲ့ အမျိုးသားတယောက် ဖြစ်ပုံရတယ်။ သူ့လည်ပင်းအောက်မှာ သိုးမွှေးခြုံထည်ဝတ်ထားတဲ့ သဲလွန်စကို တွေ့ရတယ်။ ဒုတိယ တယောက်ကတော့ အသက် ၁၈ ကနေ ၂၃ နှစ်ကြား အမျိုးသားဖြစ်ပြီး ကျောရိုးဆစ်ဒဏ် ရှိနေလို့ အလုပ်ကြမ်းလုပ်ခဲ့တဲ့ ကျွန်တယောက် ဖြစ်ပုံရတယ်။” လို့ ဆိုပါတယ်။ သူတို့ကို ပွန်ပေအီမြို့လယ် အနောက်မြောက်ဘက် မီတာ ၇၀၀ လောက်က စီဗီတာ ဂွေလီယာနာ ဒေသက အိမ်ကြီးရခိုင်တခုတွင်း မြေအောက်ခန်းမှာ တွေ့ရတာပါ။  သူတို့ရဲ့ သွားတွေ၊ အရိုးတွေက အကောင်းအတိုင်း ရှိသေးပြီး အသားနုတွေက ချော်ရည်နဲ့ သရွတ်ကိုင်ခံရသလို ဖြစ်ခဲ့လို့ မာကျောနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ “သူတို့ ၂ ယောက်ဟာ ချော်ရည်စီးကြောင်းအတိုင်း မျောပါချိန်မှာ ခိုလှုံစရာ ရှာခဲ့ပုံရတယ်။ ချော်ရည်တွေ ပွန်ပေအီကို ရောက်ချိန်မှာ မြို့အထက်ပိုင်းကို လုံးဝ ဖျက်ဆီးပစ်ခဲ့ပြီး လမ်းကြောင်း တလျှောက်က လူတိုင်း သေခဲ့ကြတယ်” လို့ ညွှန်ကြားရေးမှူး မတ်စီမို အိုစန်နာက ပြောပါတယ်။ ဗေစုဗီအို မီးတောင်ပေါက်ကွဲချိန်က လူ ၁၃၀၀၀ လောက် ပြာတွေ မီးတောင်ကျောက်ခဲတွေ နဲ့ ဖုန်တွေ အောက်မှာ နစ်မြုပ် သေဆုံးခဲ့တာပါ။  အပျက်အစီးတွေကို ၁၆ ရာစုထိ ပြန်မတွေ့ခဲ့ကြဘဲ ၁၇၅၀ ခုနှစ်ရောက်မှာ ပြန်စပြီး တူးဖော်ဖို့ စီစဉ်ခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up