Homeမြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၅၃၂ ဦးတွင် ရန်ကုန်က ၁၁၄၂ ဦးတွေ့ရှိ၊ မြောက်ဥက္ကလာက ၁၂၈ ဦးဖြင့် အများဆုံးပါဝင်
ကိုဗစ်လူနာသစ် ၁,၅၃၂ ဦးတွင် ရန်ကုန်က ၁၁၄၂ ဦးတွေ့ရှိ၊ မြောက်ဥက္ကလာက ၁၂၈ ဦးဖြင့် အများဆုံးပါဝင်
DVB
·
November 21, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၅၃၂ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၁၄၂ ယောက်တွေ့ရှိခဲ့ပြီး မြောက်ဥက္ကလာပက ၁၂၈ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပ ၁၂၈ ယောက်၊ ရွှေပြည်သာက ၉၄ ယောက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) က ၆၉ ယောက်၊ မရမ်းကုန်းက ၆၆ ယောက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နဲ့ အင်းစိန်က ၅၈ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၁ ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၅ ခုမှာ ၁၁၁ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ ခုမှာ ၆၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၇ ခုမှာ ၇၇ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၈ ခုမှာ ၂၄ ယောက်၊ မကွေးတိုင်းမြို့နယ် ၉ ခုမှာ ၃၇ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၇ ခုမှာ ၂၅ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၁၆ ယောက်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ၁ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၅၄ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၇၆,၄၁၄ ယောက်၊ သေဆုံးသူ ၁,၆၉၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၆,၆၀၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ သန်း ၄၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။