ကတ္တီပါစွတ်ထားတဲ့ လက်သီးနဲ့ လောကကို ရင်ဆိုင်သွားတဲ့ မောင်ဝံသ

ဆရာမောငျဝံသ
ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသဟာ ကတ္တီပါစွတ်ထားတဲ့ လက်သီးနဲ့ လောကကို ရင် ဆိုင်သွားတဲ့သူလို့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က မှတ်ချက်ပြု ပြောပါတယ်။ ဟံသာဝတီ ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ [caption id="attachment_42464" align="alignright" width="300" caption="ဆရာမောင်ဝံသ"][/caption] ဆရာမောင်ဝံသဟာ နိုင်ငံရေးသမားလား၊ ဒါမှမဟုတ် သတင်းစာဆရာလား အန်ကယ် ဘယ်လိုမြင်လဲ။ “သူကတော့ ကျနော် နိုင်ငံရေးသမားလို့ မြင်တယ်။ သတင်းစာလုပ်တာလည်း နိုင်ငံရေး အမြင်နဲ့ လုပ်တာ။ နောက်ပြီးတော့ ကျောင်းသားလှုပ်ရှားမှုမှာလည်း သူက နိုင်ငံရေး ပုံစံနဲ့လုပ်တာကိုး။ ၆၂ တုန်းက အာဏာသိမ်းအစိုးရကနေပြီး ကျောင်းသား ဆန္ဒပြပွဲတွေကို သေနတ်နဲ့ ပစ်တော့ သူလည်း ခေါင်းဆောင်တယောက် ပါဝင်တာလေ။ ကျနော်မြင်တာကတော့ သူက ကျောင်းသား အရေးလုပ်တဲ့အချိန်တုန်းကလည်း နိုင်ငံရေး မျက်စိနဲ့ပဲ ကြည့်လုပ်တယ်၊ နောက်တခါ သတင်းစာလုပ်တော့လည်း နိုင်ငံရေး မျက်စိနဲ့ပဲ လုပ်တာပါတယ်။ အဲဒီတော့ နိုင်ငံရေးလုပ်တယ်။ ကျနော်ကတော့ ကိုဝံသဟာ သတင်းစာဆရာထက် နိုင်ငံရေးသမားက အဓိကပဲလို့ ထင်တယ်။ နောက်ပိုင်း နိုင်ငံရေး အခြေအနေတွေကလည်း အလွန်ကို ရှုပ်ထွေးတဲ့အချိန်၊ နောက်ပြီးတော့ ထောင်ထဲမှာလည်း အကြာကြီးနေခဲ့ရတယ်။ အန်အယ်လ်ဒီပါတီကလည်း အယူအဆပိုင်းဆိုင်ရာ ရှုပ်ထွေးနေတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်လည်း မရှိတဲ့ အချိန်ကျတော့ သူက စာနယ်ဇင်းလောကမှာပဲ ခြေစုံပစ်ပြီးတော့ မြှုပ်နှံလိုက်တာပေါ့ဗျာ။ သေခါနီးမှာတော့ သူက သတင်းစာဆရာအနေနဲ့ပဲ သေသွားတယ်လို့ ကျနော် ယူဆပါတယ်။ သို့သော် စိတ်ဓာတ်အားဖြင့်ကတော့ ကိုဝံသဟာ နိုင်ငံရေးသမားစိတ်ဓာတ် အပြည့်အ၀ ရှိတဲ့လူလို့ပဲ ကျနော် ယူဆပါတယ်။" [caption id="attachment_35213" align="alignleft" width="300" caption="ဦးဝင်းတင်"][/caption] သူနေမကောင်းခင် ကာလ ရေးတဲ့ စာတပုဒ်မှာ အန်ကယ်နဲ့ ပတ်သက်ပြီး ပါတယ်။ အန်ကယ် အခုတလော ရေးနေတဲ့ စာတွေဟာ လေမုန်းတိုင်ကြီး တိုင်နေသလိုပဲလို့ သူခံစားနေရတယ်ဆိုပြီး သုံးသပ်ရေးပါတယ်။ ဆရာမောင်ဝံသ နောက်ပိုင်းရေးတဲ့ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးတွေအပေါ် အန်ကယ် ဘယ်လိုမြင်လဲ။ “သူရဲ့ သုံးသပ်ချက် ဆောင်းပါး တခုချင်းစီတော့ ကျနော် မပြောတော့ဘူး။ ကိုဝံသဟာ အမြဲတမ်း သူ့ရဲ့ အကျင့်ပဲ ခေါ်ခေါ် စရိုက်ပဲခေါ်ခေါ် ဘာလဲဆိုလို့ရှိရင် သူဟာ ကတ္တီပါစွတ်ထားတဲ့ လက်သီးပဲဗျ။ သူ့ရဲ့ ဆက်ဆံပုံက လောကနဲ့ ရင်ဆိုင်ရတဲ့အခါမှာ၊ သို့မဟုတ် သူ့ရဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်တဲ့အခါမှာ၊ သူရဲ့ နိုင်ငံရေး ပြိုင်ဖက်တို့ ဘာတို့ အင်အားစုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူက ကတ္တီပါအိတ်စွတ်ထားတဲ့ လက်သီးနဲ့ ကျင့်သုံးတဲ့လူဗျ။ သို့သော် အဲဒီလူတွေဟာ သူကြောင့်တော့ နောက်ပေါက်မကျဘူးဗျ။ ဘာလဲဆိုတော့ သူနဲ့ တွေ့တဲ့အခါ သာမန်အားဖြင့် လက်သီးကို ကတ္တီပါ အိတ် စွပ်ထားတဲ့အတွက် ကတ္တီပါ အဖုံးဝင်နေရတယ်၊ နူးညံ့သိမ်မွေ့တဲ့ တုံ့ပြန်မှုကို သူဆီကရမယ်။ သို့သော် တချိန်တည်းမှာ သူ့လက်သီးကို ချွတ်ပြီးတော့ ကတ္တီပါ လက်အိတ်ကို ချွတ်ပြီး ကြည့်မယ်ဆိုရင်လည်း သူ့လက်သီးကိုယ်၌ကိုယ်ကလည်း သံလက်သီးတော့ မဟုတ်ဘူး၊ ကတ္တီပါ လက်သီး။ ဆိုလိုတာက ကိုဝံသဟာ အမြဲတမ်း နိုင်ငံရေးပဲ လုပ်လုပ်၊ သတင်းစာ အကြောင်းပဲ ရေးရေး၊ သူက အလွန်နူးညံ့သိမ်မွေ့တဲ့ ပုံစံနဲ့ တုံ့ပြန်တယ်၊ လူလူချင်း ဆက်ဆံတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆက်ဆံတာပဲ ဖြစ်ဖြစ်၊ သတင်းစာရေးတာပဲဖြစ်ဖြစ် အကုန်လုံး မျှမျှတတနဲ့ ဘယ်လို ကျနော်ပြောချင်သလဲဆိုရင် သူ့မှာ ဥာဏ်နဲ့ယှဉ်တဲ့ အသိပညာ အပြည့်အ၀ ရှိတယ်။ အကုန်လုံးကို ဥာဏ်နဲ့ယှဉ်တယ်၊ အသိနဲ့ယှဉ်တယ်၊ ပညာနဲ့ ယှဉ်တဲ့ အခါကျတော့ သူ့ရဲ့ ဆက်ဆံရေးဟာလည်း ငယ်ငယ်တုန်းက သူနဲ့ သိတဲ့အချိန်မှာ သူ့အသက်ဟာ တော်တော်ငယ်သေးတယ်။ အသက် ၂၀ သာသာလောက်ပဲ ရှိသေးတယ်။ ကျနော် အဲဒီအချိန်တုန်းက သိတာ။ သိတိုင်းသိတိုင်းမှာ ကိုဝံသဟာ ဘာလဲဆိုရင် အမြဲ နူးညံ့သိမ်မွေ့တဲ့ ပုံစံနဲ့ လောကကို ရင်ဆိုင်တယ်၊ တုံ့ပြန်တယ်လို့ မြင်တယ်။ အဲဒါကြောင့် ကျနော် ဘယ်လိုထင်လဲဆိုတော့ သတင်းစာသမားဆိုတာလည်း နိုင်ငံရေး သမားပဲ၊ သို့သော် နိုင်ငံရေးသမား ဖြစ်သော်ငြာလည်း သူရဲ့လောကကို တုံ့ပြန်တဲ့အခါမှာ၊ နိုင်ငံရေး ပြိုင်ဘက်တွေကို တုံ့ပြန်တဲ့အခါ၊ သတင်းစာ လောကမှာလည်း စာပေနဲ့ ပတ်သက်ပြီးတော့ ရေးတာ သားတာ ပြောတဲ့အခါမှာ အမြဲတမ်းသူ့ရဲ့ အသိဥာဏ်နဲ့ ယှဉ်ပြီးတော့ အရာရာ ကိစ္စတိုင်းကို ဥာဏ်နဲ့ယှဉ်ပြီးတော့ ဆုံးဖြတ်တယ်။ အဲဒီလိုဆုံးဖြတ်တဲ့အတိုင်းပဲ သူက သူ့ယှဉ်ဖက်ကို သူလက်သီးနဲ့ ခုခံတာပဲ ဖြစ်ဖြစ်၊ ခုခံတဲ့အခါမှာ သူ့ရဲ့ လက်သီးဟာ ကတ္တီပါအိတ်စွတ်ထားတဲ့ လက်သီးဖြစ်နေလိမ့်မယ်။ ကတ္တီပါအိတ်ကို ချွတ်ကြည့်မယ် ဆိုလို့ရှိရင်လည်း သူ့လက်သီးကိုယ်၌ကိုယ်က ကတ္တီပါ လက်သီးဖြစ်နေတာ တွေ့ရမယ်လို့ အဲလိုတောင်မှ ကျနော် သဘောထားပါတယ်။ ကျနော်တနေရာမှာလည်း ရေးခဲ့ဖူးပါတယ်။ ပညာဥာဏ်နဲ့ ယှဉ်ပြီးစဉ်းစားတယ်၊ လောကကို တုံ့ပြန်တဲ့အခါမှာ နူးနူး ညံ့ညံ့၊ သိမ်သိမ်မွေ့မွေ့ နည်းနဲ့ တုံ့ပြန်တတ်တယ်။ အဲဒါပါပဲ။” ၁၉၈၈ ခုနှစ်တုန်းက ဆရာမောင်ဝံသကို အန်ကယ်က နိုင်ငံရေး လောကထဲကို ဆွဲခေါ်သွားတာလို့ ကြားဖူးပါတယ် ဟုတ်ပါသလား။ “အဲလိုတော့ မဟုတ်ဘူး။ သူက ကျနော်နဲ့ တလျှောက်လုံး သတင်းထောက်ပေါက်စကတည်းက သိခဲ့တယ်။ ကျနော့် ဟံသာဝတီ သတင်းစာမှာလည်း လုပ်ခဲ့တယ်။ နောက်တခါ သူထုတ်တဲ့ သူ့အတွေးအမြင် စာစောင်မှာလည်း ကျနော် အလုပ်မရှိတဲ့အခါ ၁၀ နှစ်ပတ်လုံးလုံး ၁၉၇၈ ကနေပြီးတော့ ၁၉၈၈ အထိ ကျနော် သူ့ဆီမှာ ရေးတယ်။ အဲဒီတော့ သူနဲ့ ကျနော် ဆက်ဆံရေးဟာ အလွန်ကို ခိုင်မာတဲ့၊ အလွန်ကို သံယောဇဉ်ကြီးတဲ့ ဆက်ဆံရေးပါ။ ဒါပေမယ့် တကယ်အရေးတော်ပုံ ဖြစ်တဲ့အခါကျတော့ သူနဲ့ ကျနော်နဲ့ဟာ သိပ်ပြီးတော့ အဆက်စပ် မရှိကြဘူး။ သူက ဗိုလ်တထောင် သတင်းစာမှာ အယ်ဒီတာလုပ်နေတယ်။ ကျနော်က အရေးတော်ပုံလည်း ပေါ်ရော စာနယ်ဇင်း သမဂ္ဂတို့မှာ ဦးစီး ဦးဆောင်တဲ့ သူတယောက် ဖြစ်လာတယ်။ ဖြစ်လာတော့ သူ့ရဲ့ အလုပ်ခွင်ကိုလည်း ကျနော်က ဘာမှ အနှောင့်အယှက် မဖြစ်စေချင်တဲ့အတွက် သူနဲ့ ကျနော်နဲ့ ဆက်ဆံရေး မရှိကြဘူးဗျ။ နောက်ပိုင်းကျတဲ့အခါကျတော့ သတင်းစာမှာ သူသပိတ်မှောက်ဖို့ ဘာညာလုပ်တယ်။ လုပ်တဲ့အခါကျတော့ သူနဲ့ ကျနော်နဲ့ နေ့တိုင်းလိုလို တနေ့ကို ၅ ကြိမ်လောက် ဖုန်းဆက်တယ်။ ဒါလည်း သူ့ရဲ့ ဆောင်းပါးတခုမှာ ပါပါတယ်။ အခုရက်ပိုင်း ရေးတာလား၊ ဘယ်တုန်းက ရေးတာလဲ မသိဘူး။ အဲဒီကာလတုန်းက ကျနော်နဲ့ အမြဲဆက်ဆံတယ်။ အဲဒီတော့ ကျနော်က သူ့ကို ပြောတာက သတင်းစာကို သပိတ်မမှောက်ပါနဲ့ သတင်းစာဆိုတာ ပြည်သူတွေကို သတင်းပေးနေရမှာ သပိတ်မှောက်လိုက်မယ်ဆိုလို့ရှိရင် အစိုးရကို မိမိဆန္ဒသဘောထားကို ပြတာ၊ အဲဒီလိုပြမယ့်အစား သပိတ်မှောက်မယ်ဆိုရင် စာရေးပြီးတော့ သပိတ်မှောက်ပါလို့ ကျနော်ပြောတယ်။ စာရေးပြီးတော့ သပိတ်မှောက်ပါ။ ဆောင်းပါးတွေ၊ အယူအဆတွေ ရေးပြီးတော့ သပိတ်မှောက်ပါ လို့ ကျနော်ပြောဖူးတယ်။ သူ့ဆောင်းပါးမှာလည်း ထည့်ရေးဖူးပါတယ်။ ကျနော်နဲ့ သူနဲ့ အဲဒီလို ဆက်ဆံရေးမျိုးရှိခဲ့တယ်။ နောက်ပိုင်းမှာကျတော့ သပိတ်မှောက်ရုံတင် မကတော့ဘူး သပိတ်တွေဆီကနေ စိုးမိုးတဲ့ စစ်အာဏာရှင်တွေရဲ့ စာနယ်ဇင်းလောကတခုလုံးကို သူ ရှေ့ဆောင်ရှေ့ရွက် ပြုခဲ့ဖူးတာရှိတယ်။ နောက်ပိုင်း သတင်းစာတိုက်ကနေပြီးတော့ ထွက်ပြီးတော့ နိုင်ငံရေးလောကထဲကို ၀င်လာတယ်။ နိုင်ငံရေးကို ၀င်လာတာ သူရယ်၊ ကိုအုန်းကြိုင်ရယ် ကိုစိန်လှဦးရယ် ၀င်လာပြီးတော့ သူတို့ဘာသာ သူတို့ လုပ်တယ်။ သူက ပဲခူးတိုင်းမှာ ကျတယ်။ ကိုစိန်လှဦးက မကွေးတိုင်းမှာ ကျတယ်။ ကိုအုန်းကြိုင်က မန္တလေးတိုင်းမှာ ကျတယ်။ အဲဒီလို သူတို့ထွက်သွားကြတာပဲ။ ကျနော် ကဆွဲခေါ်လာတာ မဟုတ်ပါဘူး။ ကျနော်က အန်အယ်လ်ဒီထဲမှာ ရောက်နှင့်နေတဲ့  အချိန်ကျတော့ ကျနော်ကတော့ လက်ကမ်းကြိုဆိုတာပေါ့ အဲဒီလောက်ပဲ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up