ကိုဗစ်-၁၉ ရောဂါကြောင့် သိန်းနှင့်ချီသေဆုံးသည့် နိုင်ငံ ၄ နိုင်ငံထိ ရှိလာ

မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဦးရေ ၁ သိန်းကျော်ရှိလာခဲ့ပြီးနောက်မှာတော့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သိန်းနဲ့ချီ သေဆုံးရတဲ့ နိုင်ငံ ၄ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီနိုင်ငံ ၄ နိုင်ငံကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံတွေ ဖြစ်ကြပြီး အမေရိကန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၁၂ သန်းကျော် သေဆုံးသူ ၂ သိန်းခွဲ ကျော်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သန်းကျော်နဲ့ သေဆုံး သူ ၁ သိန်း ၃ သောင်းကျော်၊ ဘရာဇီးနိုင်ငံက ရောဂါကူးစက်ခံရသူ ၆ သန်းနီးပါးနဲ့ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော်နဲ့ ရပ်တည်နေပါတယ်။ လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေပြီး ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ကာ သေဆုံးသူအရေအတွက် ၁ သိန်းကျော်လာခဲ့တဲ့ မက္က ဆီကိုနိုင်ငံက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံးအဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းအထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၅၇ သန်းကျော်လာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအတွက်ဟာလည်း ၁၁ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၃၉၈ ယောက်နဲ့ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် ရောဂါကူးစက်မှုအမြင့်ဆုံး အမှတ်စဉ် ၆၅ နေရာမှာ ရှိနေပါတယ်။ရောပနိုင်ငံတွေထဲမှာတော့ ပြင်သစ်နဲ့ ရုရှားနိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ ၂ သန်းကျော်စီရှိနေပြီး စပိန်၊ ယူကေနဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၁ သန်းကျော်စီနဲ့ ထိပ်ဆုံး ၅ နိုင်ငံအနေနဲ့ ရပ်တည်နေကြကာ သေဆုံးသူအရေအတွက်ကတော့ ၃ သောင်းကျော်ကနေ ၅ သောင်းကျော်ကြားမှာ ရှိနေတာပါ။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၈၁၅,၁၁၇ ယောက်၊ ၅၂၉,၂၂၆ ယောက်၊ ၄၈၃,၅၁၈ ယောက်စီနဲ့ အသီးသီးရှိနေပြီး သေဆုံးသူအရေအတွက် ၁ သောင်းကျော်ကနေ ၄ သောင်းကျော်ကြားမှာ ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၈၃,၅၁၈ ယောက်၊ ၄၁၅,၀၆၇ ယောက်စီနဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သေဆုံးသူကတော့ ၁ သောင်းခွဲကျော်နဲ့ ၈,၀၀၀ ကျော်စီ အသီးသီး ရှိနေတာပါ။ မြန်မာနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၇ သောင်းခွဲနီးပါးနဲ့ အာ ဆီယံနိုင်ငံတွေထဲ တတိယမြောက်ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့ပြီး လတ်တလောအချိန်ထိ သေဆုံးသူ ၁,၆၇၆ ယောက် ရှိနေပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၃ သန်းကျော်လာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၃၉ ဒသမ ၇ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up