ဗြိတိန်စစ်သတင်းထောက်အကြောင်းရုပ်ရှင်ကို ဒါရိုက်တာအဖြစ် အန်ဂျလီနာဂျိုလီ ရိုက်ကူးမည် 

အော်စကာဆုရှင် ဟောလိဝုဒ်နာမည်ကျော်မင်းသမီးတလက်ဖြစ်တဲ့ အန်ဂျလီနာဂျိုလီက နာမည်ကြီးစစ်သတင်းထောက်တဦးအကြောင်း ရုပ်ရှင်ကားမှာ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးသွားဖို့ ရှိနေပါတယ်။ ဒီကားကတော့ ဗြိတိန်ဝါရင့် စစ်ဓာတ်ပုံသတင်းထောက် ဒွန်မက်ကာလ်လင်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်-Unreasonable Behaviour ကို ရုပ်ရှင်ကားတကား အနေနဲ့ ရိုက်ကူးသွားမှာဖြစ်ကာ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား တွမ်ဟာဒီရဲ့ ထုတ်လုပ် ရေးကုမ္ပဏီ-Hardy Son & Baker banner ကနေ ထုတ်လုပ်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအနောက်မြောက်ပိုင်း ဆမ်းမားဆက်ဒေသမှာ နေထိုင်တဲ့ ဒွန်မက်ကာလ်လင်း ဟာ အသက် ၈၅ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး သူ့ရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက် ဗီယက်နမ်စစ်ပွဲ၊ ဖောက်ကလန်စစ်ပွဲမှသည် ပဋိပက္ခနဲ့ ထင်ရှားတဲ့ အဖြစ်အပျက်တွေနဲ့ သမိုင်းတွင် ကျန်ရစ်စေမယ့် အထင်ကရမှတ်တမ်းဓာတ်ပုံတွေကို အန္တရာယ်တွေအကြား သက်စွန့်ဆံဖျား ရိုက်ယူနိုင်ခဲ့သူဖြစ်ပြီး မှတ်တမ်းစာအုပ်ပေါင်းများစွာလည်း ရေးသားထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်က စတင်ခဲ့တဲ့ သူ့ရဲ့ သတင်းထောက်သက်တမ်းတလျှောက် လုပ် ဆောင်ခဲ့မှုတွေအတွက် ထူးချွန်ဆုပေါင်းများစွာ ချီးမြှင့်ခံခဲ့ရပြီး ၁၉၆၄ ခုနှစ်မှာတော့ ဆိုက်ပရပ်စ်အငြင်းပွားမှုပြဿနာ သတင်းမှတ်တမ်းပုံရိပ်တွေအတွက် World Press Photo of the Year ဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒွန်မက်ကာလ်လင်းအကြောင်း မှတ်တမ်းရုပ်ရှင်တချို့လည်း အရင်က ရိုက်ကူးခဲ့ဖူးကြပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ McCullin ရုပ်ရှင်ကတော့ BAFTA awards ထူးချွန်ဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ခုတခါမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသမီး အန်ဂျလီနာဂျိုလီရဲ့ ရိုက်ကူး တင်ဆက်မှုနဲ့ ဒီရုပ်ရှင်ကားထဲမှာရော ဘယ်လိုတင်ဆက်ပုံတွေနဲ့ ထူးထူးခြားခြား ထွက်ရှိ လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

//
More News
Up