ထိုင်းတွင် ဆန္ဒပြသူများကို ထိရောက်စွာ နှိမ်နင်းတော့မည်

ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် နှုတ်ထွက်ပေးရေး၊ လွှတ်တော်ဖျက်သိမ်းရေးနဲ့ အခြေခံဥပ ဒေပြင်ဆင်ပေးရေး ဆန္ဒပြရာမှာ ၅ လကျော်ခဲ့ပြီဖြစ်ပြီး ဒီနေ့ထိ ပြေလည်မှုမရသေးတာကြောင့် ထိုင်းဝန်ကြီးချုပ်က ဆန္ဒပြသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာနှိမ်နင်းဖို့ ၂၀၂၀ နိုဝင်ဘာလ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် နဲ့ ပြည်သူလူထုအကျိုးစီးပွားအတွက်မျှော်ကိုးပြီး အစိုးရနဲ့ အမျိုးသားလုံခြုံရေးကောင်စီဟာ  ဘုရင်မင်းမြတ်ကို ဦးထိပ်ပန်တဲ့ ဒီမိုကရေစနစ်အောက်မှာ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ အမျိုးသားစည်းလုံးညီညွတ်ရေးကို မထိခိုက်စေဘဲ ပြဿနာကို နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးစားဆောင်ရွက်ဖြေရှင်းခဲ့တယ်လို့ ထိုင်းဝန်ကြီးများရုံး ပြောခွင့်ရ နိုင်းအနုချား ပူရုပ်ချိုင်းဆရီက သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြမှုတွေဟာ ပြေလျော့ရပ်တံ့သွားခြင်း မရှိတဲ့အပြင် ပိုမိုအရှိန်မြင့်လာလို့ မနှိမ်နင်းဘဲ ဒီအတိုင်းထားမယ်ဆိုရင် ပဋိပက္ခတွေဖြစ်လာနိုင်ကြောင်း၊ အဲဒီနောက် အကြမ်းဖက်မှု တွေလည်း နောက်ဆက်တွဲဖြစ်ပေါ်လာကာ နိုင်ငံတော်အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တာမို့ ဆန္ဒပြရာမှာ ပြဋ္ဌန်းထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာရင၊ ဥပဒေ ဘောင်ထက်ကျော်လွန်လာရင် ရှိသမျှဥပဒေပုဒ်မတွေ အကုန်ထုတ်သုံးပြီး ထိရောက်စွာ အရေးယူ နှိမ်နင်းသွားမယ်လို့ ဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချားက ထုတ်ပြန်ကြေညာလိုက်ကြောင်း နိုင်းအနုချားက ပြောသွားပါတယ်။ အဆိုပါ ဥပဒေထဲမှာ ပုဒ်မ ၁၁၂ ဟာ ပြင်းထန်တဲ့အတွက် နမဝမြောက်ဘုရင်ကြီး သက်တော်ထင်ရှားရှိစဉ်ကပင် အသုံးမပြုဖို့ မိန့်ကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာတော့ အဆိုပါ ပုဒ်မ ၁၁၂ ကို အသုံးပြုမပြု အသေးစိတ် မဖော်ပြသေးပါဘူး။  ဒီအမိန့်ကို မထုတ်ပြန်ခင်က ဆန္ဒပြသူတွေဟာ ရဲစခန်းကို ရောင်စုံဆေးတွေနဲ့ပက်ဖျန်းခဲ့သလို၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဂက်စ်ပါ အရည်တွေနဲ့လိုက်လံပက်ဖျန်းခဲ့ပြီး ဆန္ဒပြခေါင်းဆောင်အချို့လည်း ဖမ်းဆီးအရေးယူခဲ့ပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်အစည်းဝေးခန်းမဆီ ချီတက်ဖို့ကြိုးစားခဲ့တဲ့ လူအုပ်ကြီးနဲ့ တားဆီးဖို့ကြိုးစားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူပေါင်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။  နိုဝင်ဘာ ၁၉ ရက်နေ့က ဘန်ကောက်မြို့လယ်ခေါင် ရာ့ချ်ပဆုန်လမ်းဆုံပေါ်ရှိဆန္ဒပြပွဲမှာ အမည်မသိ ပန်းရောင်ဝတ်လူတဦးက သေနတ်ပစ်ဖောက်ခဲ့လို့ သူ့ကိုရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေပါတယ်။  ဆန္ဒပြသူတွေနဲ့ အစိုးရကြား ပြေလည်အောင်စေ့စပ်ညှိနှိုင်းပေးဖို့ ဘက်မလိုက်တဲ့ ကော်မ တီတရပ်ကို ထိုင်းလွှတ်တော်က ဖွဲ့စည်းခဲ့ပေမယ့် ဆန္ဒပြသူတွေက အဆိုပါကော်မတီကို လက်မ ခံခဲ့ပါဘူး။  ဆန္ဒပြသူတွေ တောင်းဆိုထားတဲ့ အချက်တွေကို လွှတ်တော်မှာ ဆွေးနွေးခဲ့ရာ တော်ဝင်ထီးနန်းနဲ့ ပတ်သက်တဲ့ ဥပဒေ ၂ ရပ်ကို ပြုပြင်ဖို့လည်း ပယ်ချခံခဲ့ရပါတယ်။ လွှတ်တော်ထဲမှာ အာဏာရှင်အစိုးရက ခန့်အပ်ထားတဲ့ အထက်လွှတ်တော် ၂၅၀ ဦး ပါရှိနေတာကြောင့် ဘယ်လိုပဲ ဆွေးနွေးပါစေ အတည်ပြုချက်ရဖို့ မဲခွဲဆုံးဖြတ်တိုင်း အာဏာရအစိုးရဘက်က မဲအရေအတွက်ပိုသာနေတာမို့ ဆန္ဒပြသူတွေက လွှတ်တော်ရဲ့ ဆုံးဖြတ်မှုကို လက်မခံနိုင်ဘဲ လက်ရှိလွှတ်တော်ဖျက်သိမ်းရေး၊ ဝန်ကြီးချုပ်နုတ်ထွက်ရေးကို တစိုက်မတ်မတ်တောင်းဆိုနေတာ ဖြစ်ပါတယ်။  ဝန်ကြီးချုပ်က ဆန္ဒပြသူတွေကို ထိရောက်စွာနှိမ်နင်းဖို့ အမိန့်ပေးလိုက်ပေမယ့် ဆန္ဒပြသူ ဘက်က ကြောက်ရွံ့နောက်ဆုတ်သွားတာမရှိဘဲ နိုဝင်ဘာ ၂၁ နဲ့ ၂၅ ရက်နေ့တွေမှာလည်း ဆက်လက်ဆန္ဒပြဖို့ ချိန်းဆိုထားကြပါတယ်။  လက်ရှိ ထိုင်းနိုင်ငံရဲ့ဆန္ဒပြမှုအခြေအနေမှာ ကျောင်းသူကျောင်းသားနဲ့ လူငယ်လူရွယ်တွေ အများစုပါဝင်တဲ့ ထမဆတ်တက္ကသိုလ်မဟာမိတ်အဖွဲ့၊ လူငယ်လူလတ်ပိုင်းအများစုပါတဲ့ ၂၀၂၀ ပြည်သူပြည်သားများအဖွဲ့က လက်သုံးချောင်းထောင်ပြီး အစိုးရဖြုတ်ချဖို့ တောင်းဆိုနေကာ တဘက်မှာတော့  ရှပ်အင်္ကျီအဝါရောင်ဝတ်ပြီး  ထိုင်းနိုင်ငံရဲ့ မြင့်မြတ်သောအစဉ်အလာ ဘုရင်စနစ် ကာကွယ်ရေးနဲ့ လက်ရှိ ဆန္ဒပြသူတွေကို တန်ပြန်ဆန္ဒပြတဲ့အဖွဲ့ ရှိနေပါတယ်။ အဆိုပါနှစ်ဘက်မှာ ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ် ဆဲဆိုမှုတွေရှိပြီး သူတို့ကို တားဆီးနှိမ်နင်းတဲ့ လုံခြုံရေး တပ်ဖွဲ့တွေလည်း ရှိနေပါတယ်။  ရှပ်အဝါရောင်ဝတ်ပြီး တန်ပြန်ဆန္ဒပြနေသူတွေဟာ အစိုးရနဲ့ စစ်တပ်ကနေပြီး နောက်ကွယ်ကနေ ကြိုးကိုင်အားပေးနေတွေဖြစ်တယ်လို့ အတိုက်အခံပါတီနဲ့ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up