ကိုဗစ်လူနာသစ် ၁၅၉၂ ဦးတွင် ရန်ကုန် ၉၃၅ ဦးနှင့် ပဲခူးတိုင်းက ၂၀၇ ဦးဖြင့် အများဆုံးတွေ့
DVB
·
November 19, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၅၉၂ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၃၅ ယောက်နဲ့ အများဆုံးပါဝင်နေပြီး ပဲခူးတိုင်းက ၂၀၇ ယောက်နဲ့ အများဆုံး ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ညနေ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာက ၈၂ ယောက်၊ မင်္ဂလာဒုံက ၇၅ ယောက်၊ မြောက်ဉက္ကလာက ၇၁ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၁ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၅ ခုမှာ ၁၇၅ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၇ ခုမှာ ၂၀၇ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၅ ခုမှာ ၁၃၁ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၂၁ ယောက်၊ မကွေးတိုင်းမြို့နယ် ၈ ခုမှာ ၂၃ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၃ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုမှာ ၇ ယောက်၊ နေပြည်တော်မြို့နယ် ၄ ခုမှာ ၅ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၁၀ ခုမှာ ၂၀ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၄ ခုမှာ ၂၇ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၅ ယောက်၊ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၅၀ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၇၃,၃၂၂ ယောက်၊ သေဆုံးသူ ၁,၆၅၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၄,၇၆၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၆ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၉ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။