Live
Home
မြန်မာသတင်း
ဗဟန်းမြို့အတွင်း အခမ်းအနားများလုပ်ရင် ကြိုအကြောင်းကြားရန် တိုင်းအစိုးရ စာထုတ်
ရွှေအောင်
·
August 12, 2013
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲ ဘာအခမ်းအနားပဲလုပ်လုပ် ရက် ၂၀ ကြိုတင်အ ကြောင်းကြားရမယ်လို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း ၄၅ မြို့နယ် ရှိတဲ့အနက် ဗဟန်းမြို့နယ် တခုတည်းကိုပဲ အခုလို အမိန့်ထုတ်လိုက်တာလို့ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမ ပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။ “ရန်ကုန်တိုင်းက ၈ ရက်နေ့မှာ အစည်းအဝေးခေါ်ပြီးတော့ ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်းမြို့နယ်က စားသောက်ဆိုင်၊ ဟိုတယ်၊ ဘုရား၊ စာသင်ကျောင်း စတဲ့နေရာမှာ အခမ်းအနားလုပ်လို့ရှိရင် ခွင့်ပြုချက်မတောင်းရင် ဥပဒေနဲ့အညီ အရေးယူမယ်ဆိုပြီးတော့ ထုတ်လိုက်တယ်၊ ဒါဗဟန်း တမြို့နယ်ပဲ။” ဒီလို စာမထုတ်ခင် မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကိုခေါ်ပြီး တော်ဝင်နှင်းဆီမှာ ဘာအခန်းအနားပဲ လုပ်လုပ် ရက်၂၀ ကြိုတင်ပါလို့ ပြောတယ်။ သူက စာထုတ်ပေးပါလို့ ပြောပြီး ညှိမရဖြစ်နေရာက နောက်ဆုံးတော့ အခုလို စာထွက်လာတာလို့ ပြောပါတယ်။ တော်ဝင်နှင်းဆီခန်းမမှာ အဖွဲ့အစည်းအသီးသီးက နိုင်ငံရေးအခမ်းအနားတွေကို မကြာခဏ ကျင်းပကြတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကိုလည်း အဲ့ဒီနေရာမှာပဲ ကျင်းပခဲ့တာဖြစ်ပြီး အာဏာရကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို မြို့နယ်တခုတည်းကွက်ပြီး စာထုတ်တာဟာ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာလားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းက မေးခွန်းထုတ်လိုက်ပါတယ်။ “ကျနော်တို့ စဉ်စားတာ နှစ်ခု ရှိပါတယ်။ တခုက ဘယ်ဥပဒေက ထုတ်နေတာလဲ၊ ထုတ်တဲ့ အဖွဲ့အစည်းမှာရော အဲဒီလိုမျိုး ထုတ်ပိုင်ခွင့် အာဏာရှိရဲ့လား။ ထုတ်တယ်ဆိုတာ ဥပဒေအရ အာဏာအပ်နှင်းထားရဲ့လား၊ ဒါလေးတွေ ကြည့်ဖို့ လိုပါတယ်။ လောလောဆယ်တော့ ဒါမျိုးရှိမရှိ ကျနော် မပြောနိုင်ဘူး။ တပြေးညီ မဖြစ်ဘူးဆိုတာတော့ သေချာတာပေါ့။ အဲဒီလိုမျိုးလုပ်ပိုင်ခွင့်ရော ရှိသလား၊ သီးခြား ကွက်ကွက်ပြီးတော့ ကျနော်တို့ကို ဥပဒေအရ အာဏာ ဘယ်လိုအပ်နှင်းသလဲ၊ ဥပဒေ သမားဆိုတော့ အဲဒါတွေ ဖတ်ကြည့်ပြီးရင်တော့ ကျနော်ပြောလို့ရပါတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024