မြစ်ကြီးနားတွင် နေ့ခင်းဘက် ဆိုင်ကယ်ရှေ့မီးထွန်းပြီးမမောင်းပါက အရေးယူမည်
DVB
·
November 19, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နေ့ခင်းဘက် မော်တော်ဆိုင်ကယ်ရှေ့မီးအနိမ့် မထွန်းဘဲ မောင်းနှင်သူတွေကို အရေးယူသွားမယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကျော်စိုးဦးက “ ဆိုင်ကယ်ကို စစ်လိုက်လို့ မီးက လုံးဝမလင်းရင်တော့ မီးဖွင့်လို့မရရင်တော့ ချက်ခြင်းအရေးယူမယ်။ တရားရုံးမှာ ဒဏ်ငွေသွားဆောင်ခိုင်းမယ်။ မီးပါရင်တော့ မီးဖွင့်ခိုင်းပြီး ပညာပေးမယ်။ အများစုလိုက်နာလာပြီး လူတော်တော်များများ သိသွားပြီလို့ ယူဆတဲ့တစ်နေ့ကျရင်တော့ မလိုက်နာတဲ့သူတွေကို အရေးယူသွားမယ်” လို့ ပြောပါတယ်။
သုတေသနစစ်တမ်းတွေအရ မီးဖွင့်မောင်းရင် ယာဉ်အန္တရာယ်ကင်းသလို ယာဉ်တိုက်မှု လျော့ကျစေတယ်လို့ သိရှိရပြီး မြစ်ကြီးနားမြို့မှာ ဇွန်လမှ နိုဝင်ဘာလအထိ ယာဉ်ထိန်းရဲတပ်ဖွဲ့က လူဦးရေ ၂၅၀,၀၀ လောက်ကို ဆိုင်ကယ်မီးဖွင့်မောင်းဖို့ ပညာပေးတာ ဟောပြောတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ဆိုင်ကယ်ရှေ့မီးမပါဘဲ (မီးဖွင့်မရဘဲ) မောင်းနှင်ခဲ့သူ ဆိုင်ကယ် ၂၈ စီးကို အရေးယူပြီး တရားရုံးမှာ ဒဏ်ငွေ ကျပ် ၂၀,၀၀၀ ပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ မေလ ၂၆ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၇၆ အရ ဆိုင်ကယ်မောင်းနှင်သူတွေဟာ မော်တော်ဆိုင်ကယ် ရှေ့မီးအနိမ့်ကို နေ့ဘက်ရောဖွင့်ပြီး မောင်းနှင်ဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
ဒါ့အပြင် စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့၊ အသက် ၁၀ နှစ်အောက် ကလေးတွေအတွက် ထိုင်ခုံခါးပတ်ပါရှိဖို့နဲ့ ယာဉ်ပိုင်ရှင်က ယာဉ်မောင်းလိုင်စင်မရှိသူကို ဆိုင်ကယ်မောင်းနှင်စေပါက ယာဉ်ပိုင်ရှင်ကိုလည်း အရေးယူမယ်လို့ ဥပဒေအသစ်မှာ ပါဝင်ပါတယ်။
သတင်း- မီးမီး