ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
November 19, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှာ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော် တံတားပူးပေါင်း စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီခွဲလောက်က ကာလိ-မိုင်းပျဉ်း-တာချီလိတ် ဘက်ကို ကျော်ဆန်း မောင်းနှင်လာတဲ့ TOYOTA Hi-Ace အမျိုးအစား မော်တော်ယာဉ်ကို စိစစ်ရှာဖွေရာက ယာဉ်ခေါင်မိုးပေါ်ရှိ ပစ္စည်းတင်အကန့်အတွင်း ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ စက္ကူဂျပ်ဖာ ၃ ဖာနဲ့ ယာဉ်အတွင်း ထိုင်ခုံပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှာ အိုက်စ်မူးယစ်ဆေး ကီလို ၈၀ သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေး ပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိတဲ့ အိုက်စ်မူးယစ်ဆေးပိုင်ရှင်မှာ မိုင်းရှူးမြို့၊ အမှတ် (၄) ရပ်ကွက်နေ လောက်ဆိုင်ဖြစ်ကြောင်း သိရှိရလို့ ညနေ ၅ နာရီခွဲမှာ ပူးပေါင်းအဖွဲ့က လောက်ဆိုင်အား နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ကျော်ဆန်း (၄၇) နှစ်နဲ့ လောင်ဆိုင် (၂၈) နှစ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၆ ရက် မနက် ၉ နာရီခွဲအချိန်လောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-မန္တလေးသွား ကားလမ်း၊ ရွှေညောင်ပင်ကျေးရွာအဝင်မှာ သီပေါမြို့နယ်မှ မန္တလေးမြို့ကို ချစ်မျိုးခိုင်မောင်းနှင်ပြီး စိုးခိုင်လိုက်ပါတဲ့ LIFAN အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ထည့်ထားတဲ့ ကျပ်သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေကို မန္တလေးကို သယ်ဆောင် ရောင်း/ဝယ်မှာဖြစ်ကြောင်း သိရပြီး ချစ်မျိုးခိုင် (၃၄) နှစ်နဲ့ စိုးခိုင် (၄၆) နှစ်တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- CCDACM