ချဲလ်ဆီးနည်းပြဘဝ လူကာကူနှင့် ဗန်ဒိုက်ကို ခေါ်ယူရန် နီးစပ်ခဲ့ကြောင်း ကွန်တီပြော

375
ချဲလ်ဆီးနည်းပြတာဝန်ယူချိန်က လူကာကူနဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ဖူးတယ်လို့ နည်းပြ ကွန်တီက ပြောပါတယ်။
လက်ရှိအချိန်မှာ အင်တာမီလန်နည်းပြ တာဝန်ယူနေတဲ့ ကွန်တီဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာပါ။
အဲဒီအချိန်က အဲဗာတန်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဆောက်သမ်တန် မှာ ကစားနေတဲ့ ဗန်ဒိုက်တို့ကို ခေါ်ယူဖို့ နေ့စဉ်စကားပြောဆိုခဲ့ဖူးတယ်လို့ ကွန်တီက ပြန် ပြောပြတာပါ။
ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးတဲ့နောက်မှာ ကစားသမား ၂ ဦးကို ခေါ်ယူဖို့ အလွန်နီး စပ်ခဲ့ပြီး အဲဒီကစားသမား ၂ ဦးက လူကာကူ နဲ့ ဗန်ဒိုက်တို့ဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာနဲ့ အင်တာဗျူးမှာ နည်းပြကွန်တီက ပြောပါတယ်။
လူကာကူ နဲ့ ဗန်ဒိုက်တို့နဲ့ နေ့တိုင်းဆက်သွယ်စကားပြောခဲ့ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ခြေစွမ်းက ၃၀ ရာခိုင်နူန်းလောက်တိုးတက်လာလိမ့်မယ်လို့ တာဝန်ရှိသူတွေကို ပြောခဲ့ကြောင်း လည်း ကွန်တီက ပြောပါတယ်။
ဒါပေမဲ့ အဆုံးသတ်မှာတော့ လူကာကူက မန်ယူနိုက်တက်ဆီပြောင်းရွှေ့ခဲ့ပြီး ဗန်ဒိုက်က လီဗာပူးဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။