ဦးမင်းကိုနိုင်ရဲ့ မိန့်ခွန်းကောက်နုတ်ချက်
အေးနိုင်
·
August 9, 2013
ရှစ်ဆယ့်ရှစ်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ရဲ့ (ဩဂုတ်လ ၈) ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုပွဲမှာ တက်ရောက်လာတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ပတ်သက်လို့ မိန့်ခွန်းကောက်နုတ်ချက်ဖြစ်ပါတယ်။
“ကျနော်တို့ ကျောင်းသားတွေ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အဆုံးမှာ မခွဲချင်ဘဲ ကျနော်တို့ ခွဲခဲ့ရပါတယ်။ အဲဒါ လမ်းခွဲတာမဟုတ်ပါဘူး။ တာဝန်ခွဲခဲ့ရတာပါ။ တာဝန်ယူမှု ခွဲဝေယူခဲ့ရတာပါ။ မြို့ပေါ်မှာ နိုင်ငံရေးအင်အားစုနဲ့ ရပ်တည်တဲ့သူတွေက ရပ်တည်ရင်ဆိုင်ကြပါတယ်။ ကျောင်းသားသမဂ္ဂအနေနဲ့ မြေအောက်ဆန်ဆန် စွန့်စားရတဲ့သူလည်း စွန့်စားရပါတယ်။ အဲဒီလိုပဲ လက်နက်ကိုင်တော်လှန်ရေးအတွက် ချစ်သူ၊ ခင်သူ၊ မိဘတွေနဲ့ ဝေးတဲ့နေရာ၊ ငှက်ဖျားပေါတဲ့နေရာ၊ နောက်ဆုံး အသက်ပါ ပေးရနိုင်တယ်ဆိုတာ သိလျက်နဲ့ အဲဒီ အန္တရာယ်နယ်မြေထဲကို တာဝန်ယူဖို့ သွားခဲ့ကြတဲ့ ကျနော်တို့ရဲ့ ကျောင်းသားရဲဘော်တွေ၊ သူတို့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲခဲ့တဲ့ ကျောင်းသားရဲဘော်တွေကိုလည်း အသိအမှတ်ပြုရပါလိမ့်မယ်။ ဒီကနေ့ သူတို့ဟာ ၂၅ နှစ်တာ ကာလအတွင်းမှာ ကျဆုံးခဲ့သူတွေနဲ့ ကြီးကြီးမားမားဒဏ်ရာရခဲ့သူတွေ ပေါင်းလိုက်ရင် ထောင်ဂဏန်းချီပြီးတော့ ရှိပါတယ်။ ကျနော်တို့ ကျောင်းသားတွေဟာ အဲဒီ လက်နက်ကိုင်ပြီးတော့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေဟာ ဒီကနေ့ ကျနော်တို့ မိခင်ရဲ့ ရင်ခွင်ကို ထိုက်ထိုက်တန်တန် နိုင်ငံတော် ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲပြီး ဆက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်နိုင်ဖို့၊ ဒီမိုကရေစီအရေးအတွက် ပြည်တွင်းပြည်ပ တရားဝင် လှုပ်ရှားနိုင်ဖို့၊ ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ကျနော်တို့ရင်ဘတ်တွေနဲ့ တင်းတင်းကျပ်ကျပ် ပြန်ပွေ့ဖက်နိုင်ဖို့ ဒီကနေ့ ပြန်ရောက်လာပါပြီ။ ကျောင်းသားတပ်မတော်က ရဲဘော်များ ကျေးဇူးပြုပြီးတော့ မတ်တပ်ရပ်ပေးပါ။
"ဒါဟာ ထောင်နဲ့ချီပြီးတော့ အသက်တွေ၊ ဘ၀တွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပေးဆပ်လာခဲ့ရတဲ့ ကျောင်းသားအဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်ပဲ ရှိပါသေးတယ်။ ကျနော် နိုင်ငံတကာ ရောက်ကြတဲ့အခါမှာ အားရပါးရ လက်ဆွဲနှုတ်ဆက်ဖို့ လက်နှစ်ဘက်စလုံး မကျန်တော့တဲ့ ကျောင်းသားရဲဘော်တွေလည်း ရှိပါတယ်။ အင်မတန်မှ ပေးဆပ်ခဲ့ရတာပါ။”
ဦးမင်းကိုနိုင်ရဲ့ ၂၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနား မိန့်ခွန်းအပြည့်အစုံ နားဆင်ရန်