ထိုင်းလဝက ဥပဒေချိုးဖောက်မှုဖြင့် မြန်မာ ၆ ဦး အပါအဝင် ၂၁ ဦး ဖမ်းဆီးခံရ
DVB
·
November 18, 2020
ထိုင်းနိုင်ငံမှာ တရားဥပဒေနဲ့အညီနေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖမ်းဆီး နေရာမှာ ခုတစ်ပတ်အတွင်း လဝက ဥပဒေချိုးဖောက်သူ ၂၁ ဦး ဖမ်းဆီးရမိပြီး အဲဒီထဲမှာ ဗီဇာအတုနဲ့ ရက်ပေါင်း ၄၈၄ ရက် ကျော်လွန်နေထိုင်သူ မြန်မာ ၁ ဦးပါဝင်တယ်လို့ ထိုင်းလဝက ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံထဲမှာ ရာဇဝတ်မှုပပျောက်ရေး၊ ဥပဒေမဲ့မှုတွေ နှိမ်နင်းရေးအတွက် သက်ဆိုင်ရာ လဝကရဲနဲ့ နယ်မြေခံရဲတွေ ပူးပေါင်းစစ်ဆေးနေရာမှာ နိုဝင်ဘာ ၉ ရက် မှ ၁၅ ရက် အတွင်း အမှုပေါင်း ၁၈ မှု နှိမ်နင်းခဲ့ပြီး လူပေါင်း ၂၁ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းအမျိုးသား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ဖတ်ဆဖုန်း ဆိုင်ဥဘွန်းက မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ အမှုတွေမှာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှု ၊ ခွင့်ပြုချက်မရဘဲ ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ကိုင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးအရေးယူခံရသူ ၂၁ ဦးမှာ မြန်မာနိုင်ငံသား ၆ ဦး၊ ကမ္ဘောဒီးယား ၇ ဦး၊ လာအိုနိုင်ငံသား ၃ ဦး၊ နိုင်ငံသားဖော်ပြထားခြင်းမရှိသူ ၃ ဦးနဲ့ နိုင်ငံခြားသားတွေကို တည်းခိုခွင့်ပြုခဲ့တဲ့ ဟိုတယ်မန်နေဂျာ ထိုင်းလူမျိုး ၂ ဦးတို့ ပါဝင်ပါတယ်။
မြန်မာနိုင်ငံသား ၆ ဦးထဲက ကိုခွန်ဆိုသူ အမျိုးသားမှာ ထိုင်းဗီဇာတံဆိပ်တုံးအတုနဲ့ နေထိုင်နေတာ တွေ့ရှိရပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်ပါ ဗီဇာအစစ်အမှန် သက်တမ်းကုန်ခဲ့တာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်ဖြစ်လို့ နေထိုင်ခွင့် ရက်ပေါင်း ၄၈၄ ရက်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ၊ သူက တော့ အဆိုပါ ဗီဇာတုံးကို အတုမှန်းမသိဘဲ ကိုင်ဆောင်နေတာဖြစ်ပြီး ထိုင်းလူမျိုး တစ်ယောက်ကို ငွေပေးပြီး ဗီဇာသက်တမ်းတိုးခိုင်းခဲ့ခြင်းသာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
ဒါပေမဲ့ သူဟာ တရားမဝင် ဝင်ရောက်နေထိုင်မှုအပြင် အစိုးရဌာနဆိုင်ရာ တံဆိပ်တုံး တုပမှု၊ ဌာနဆိုင်ရာ အရာရှိရဲ့လက်မှတ်တုပမှုတွေနဲ့ပါ အရေးယူခံရမှာဖြစ်ပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်အရေးယူသွားဦးမယ်လို့ ထိုင်းလဝကရဲ တပ်ဖွဲ့က ပြောပါတယ်။
ကိုးကား-ThailandReportNews