Home
မြန်မာသတင်း
အန်စီအေလမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းရန် UWSA ‘ဝ’ တပ်ဖွဲ့ကို ကာချုပ် တိုက်တွန်း
DVB
·
November 18, 2020
အန်စီအေလမ်းကြောင်းမှန်ပေါ်မှာ လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုတယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   UWSA ‘ဝ’ တပ်ဖွဲ့ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  UWSA ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်ခေါင်းဆောင်တဲ့ အဖွဲ့ကို   တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်မှာတွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ တပ်မတော် သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးမှုအပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေတဲ့အတွက် လူမှုစီးပွားရေး ဖော်ဆောင်မှုတွေမှာ ကန့်သတ်ချက်တွေ ရှိနေနိုင်ကြောင်း၊ အန်စီအေ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ရဲ့ မျိုးဆက်သစ် အနာဂတ်ကလေးငယ်တွေ လူမှုဘ၀ဖွံ့ဖြိုးရေး၊ ထာ၀ရငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသွားပါတယ်။  UWSA ဒုတိယနိုင်ငံရေးမှူးဦးညီကပ်နဲ့ အဖွဲ့ဝင်တွေကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မှုရှိစေရေး ဆောင်ရွက်နေကြောင်းနဲ့ ဆက်လက်ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ တပ်မတော်နဲ့ လက်တွဲဆောင်ရွက် သွားမှာဖြစ်ကြောင်း  ပြန်လည်ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA အဖွဲ့အတွက် စားသောက်ဖွယ်ရာတွေ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာတွေနဲ့ လူသုံးကုန် ပစ္စည်းတွေ ပေးအပ်ရာ UWSA အဖွဲ့ကလည်း ဒေသထွက်လက်ဆောင်တွေ ပြန်လည် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တာချီလိတ်မြို့ကို လာရောက်စဉ်   ‘ဝ’ ဒေသအတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့ပါတယ်။ ဓာတ်ပုံ- DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024