သိမ်းဆည်းမြေများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပြန်ပေးမည်
နန်းမြနဒီ
·
August 9, 2013
သိမ်းယူထားတဲ့ ရွာသားပိုင်မြေယာတွေကို အစားထိုးပြန်ပေးမယ်လို့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို) က ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု နားဘောင်ဒေသမှာ အကျယ် ၁၂၀ - ၈၀ ပေ ကျယ်ဝန်းတဲ့ မြေယာတွေ အကွက်ရိုက်ပြီး စာချုပ်စာတမ်းနဲ့ ရွာသား တွေကို ဩဂုတ်လ ၁၀ ရက်နေ့မှာ ပြန်ချပေးသွားမယ်လို့ ပီအန်အို တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်လာက ဒီဗွီဘီကို ပြောပါတယ်။
“အခုပေးမှာက သူပိုင်ဆိုင်ပါတယ်ဆိုတာ ဟုတ်မဟုတ် ကျနော်တို့က အငြင်းပွားမှာ မဟုတ်တော့ဘူး။ သူတို့ရဲ့ လူနေမှုဘ၀ ပညာရေး၊ ကျန်းမာရေးတွေ၊ စားဝတ်နေရေးတွေ အဆင်ပြေအောင် ကျနော်တို့ မနက်ဖြန်ပေးမှာပါ။ ကျနော်တို့ကို လာရောက်တင်ပြတဲ့သူတွေ အားလုံးကို စာချုပ်စာတမ်းနဲ့ ပေးမှာပါ။ ”
မြေကွက်ပြန်ပေးမယ့်အကြောင်းကို ရွာသားစုစုပေါင်း ၅၈ ဦးနဲ့ ညှိနှိုင်းပြီး သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အခုချပေးမယ့် မြေကွက်တွေဟာ တောင်ကြီးမြို့ တောင်ဘက် ၈ မိုင်အကွာမှာရှိပြီး မြေတကွက်ကို ကာလပေါက်ဈေး သိန်း ၃၀ နဲ့ ၄၀ ကြားရှိကြောင်း၊ အရင်က မြေကွက်ဆုံးရှုံးမှု ပိုများတဲ့သူဟာ လမ်းဘေးနဲ့ နီးတဲ့နေရာ ပြန်ရမှာဖြစ်သလို စိုက်ပျိုးနိုင်တဲ့ မြေတွေလည်း ဖြစ်တယ်လို့ ဗိုလ်မှူးကြီးခွန်လာက ပြောပါတယ်။
ဒါဟာ ပထမအကြိမ် ချပေးတာဖြစ်ပြီး နောက်ထပ် တင်ပြလာတာတွေရှိရင်လည်း ဆက်တိုက် ပြန်ပေးသွားမယ်၊ ပြီးခဲ့တဲ့ ၂ ရက်က မြေရလိုကြောင်း လာရောက်တင်ပြထားသူ ၆ ဦး အတွက်လည်း မြေကွက် ခုတ်ထွင်ရှင်းလင်းပြီး အကွက်ချထားပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
မြေကွက်ရရှိသွားသူတွေအနေနဲ့ သက်ဆိုင်ရာ မြေတိုင်းရုံးမှာ ပုံစံ ၁၀၅ (မြေပိုင်ဆိုင်မှု) အထောက်အထားကို ကိုယ်တိုင်သွားလျှောက်ရမှာဖြစ်ပြီး သူတို့ဘက်ကလည်း ပံ့ပိုးကူညီပေး သွားမယ်၊ အရှုပ်အရှင်းတွေ တာဝန်ယူဖြေရှင်းပေးမယ်လို့ ပီအန်အိုက ပြောပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို) ဟာ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ် ဧပြီလက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၆ အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ထောင်နဲ့ချီတဲ့ မြေဧကတွေမှာ ၀င်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီမြေကွက်ထဲမှာ ရွာသားပိုင် မြေကွက်တွေပါ ပါဝင်တဲ့အတွက် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း မြေယာသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ပေါ်ပေါက်လာတဲ့အတွက် ရွာသားတွေက သူတို့မြေ ပြန်ရရေး တောင်းဆိုမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။