မိုင်းဖြတ်မြို့နယ်၌ SNLD ပါတီကိုယ်စားလှယ်လောင်းကို ပြည်သူ့စစ်အဖွဲ့က တရားစွဲ
DVB
·
November 17, 2020
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ကိုယ်စားလှယ်လောင်း ဦးကျဖေ့ကို နမ့်ယွန်းဌာနေပြည်သူ့စစ်အဖွဲ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့က ဒေသခံတိုင်းရင်းသားတွေကို ကားနဲ့ခေါ်လာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မဲထည့်စေတယ်လို့ လူမှုကွန်ယက်ပေါ် ရေးသားခဲ့တဲ့အတွက် မိုင်းဖြတ်မြို့မရဲစခန်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က တရားစွဲဆိုလိုက်တာပါ။
တာချီလိတ်ခရိုင် SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းနွံတွီက "သူတို့တရားစွဲတဲ့အမှုကတော့ သေချာမသိပါဘူး။ ဒီလို ဒေသခံတိုင်းရင်းသားတွေကို ကားတွေနဲ့တင်ခေါ်လာပြီး USDP ပါတီကို မဲထည့်စေတယ်ဆိုတာ မိုင်းဖြတ်တင်မဟုတ်ဘူး တာချီလိတ်မြို့နယ်ထဲမှာလည်း ရှိခဲ့ပါတယ်။ တာချီလိတ်ဆို မိုင်းဟဲ၊ မယ်ယန်းကျေးရွာတွေမှာဖြစ်ခဲ့တာ၊ ရှမ်းအရှေ့ဒေသတော်တော်များများက ပြည်သူ့စစ်တွေ အင်အားကောင်းတယ်လေ။ ဒီလိုကတော့ အရင်တုန်းကလည်း ရှိခဲ့ပါတယ်။"လို့ပြောပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ "ဒီဘက်ဒေသတွေမှာ တောင်ပေါ်ကျေးရွာတွေ များတဲ့အတွက် သွားလာရေးခက်ခဲပါတယ်။ ကားရှိတယ်ဆိုတာလည်း ပြည်သူ့စစ်တပ်ဖွဲ့တွေ အများဆုံးဖြစ်နေတယ်။ ဒါကြောင့်မို့ ဆန္ဒမဲထည့်မယ့်သူတွေအဆင်ပြေအောင် အကြိုအပို့ လုပ်ပေးတာတွေတော့ရှိတယ်။ ဘယ်ပါတီကို မဲထည့်ပါလို့ ပြောတယ်တော့မကြားပါဘူး" လို့ဆိုပါတယ်။
ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက အများစု အနိုင်ရရှိခဲ့ပြီး တာချီလိတ်မြို့နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့တာပါ။
သတင်း - ကိုဇက်