ခင်ဦးမြို့နယ်က နွားများတွင် အမည်မသိအရေပြားရောဂါတစ်မျိုးဖြစ်ပွားနေ
DVB
·
November 17, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ခိုင်းနွားတွေမှာ စတင်တွေ့ရှိရတဲ့ အမည်မသိ ရောဂါကို အရေပြားအဖုအကျိတ်နာ ရောဂါလို့ ကျွမ်းကျင်သူတွေက အကြမ်းဖျင်း ခန့်မှန်းထားပြီး လက်ရှိအချိန်ထိ ရောဂါကြောင့် နွားတွေသေဆုံးတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။
ခင်ဦးမြို့နယ်အတွင်း ကျေးရွာတချို့ရှိ ခိုင်းနွားတွေမှာ အရေပြားအဖုအပိန့်ထွက်တာ၊ လက်ရောင်တာ၊ ဖျားနာတာတွေ စတဲ့ရောဂါလက္ခဏာတွေကို နိုဝင်ဘာ ဒုတိယပတ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကျေးရွာ ၄ ရွာက ခိုင်နွားအကောင်ရေ ၂၀ ၀န်းကျင်မှာ ဒီရောဂါလက္ခဏာတွေကို တွေ့ရှိခဲ့ရတာပါ။
ရောဂါစတင်တွေ့ရှိခဲ့ရတဲ့ ခင်ဦးမြို့နယ် မှုးသာကျေးရွာက ခိုင်းနွားတွေက လတ်တလောမှာ ရောဂါပြန်လည်ပျောက်ကင်းသွားပြီလို့ သိရပါတယ်။
ဒီရောဂါ ထပ်မံကူးစက်ပျံနှံ့တာတွေ မရှိအောင် အသိပညာပေးမှုတွေကို ခင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြုလုပ်ပေးနေတယ်လို့ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်သက်လွင်ဦးက ပြောပါတယ်။
ရောဂါလက္ခဏာတွေ့ရှိတဲ့ နွားကို သီးသန့်ထားရှိဖို့နဲ့ ခြင်ကနေတဆင့် ကူးစက်မခံရအောင် ကာကွယ်ဖို့ စတာတွေ ပညာပေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတွေကလည်း ရောဂါဖြစ်ပွားတဲ့ ကျေး ရွာတွေကို ကွင်းဆင်းပြီး ဆေးကုသမှုပေးနေသလို့ မိမိအိမ်က ခိုင်နွားတွေမှာ ဒီလို ရောဂါလက္ခဏာ တွေ့ ရင်ဌာနကို အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။
လတ်တလောမှာ ဒီရောဂါကို အဖြေသိနိုင်ဖို့အတွက် ခင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မန္တလေးဓာတ်ခွဲခန်းကို ဓာတ်ခွဲနမှုနာ ပေးပို့စစ်ဆေးထားတယ်လို့ သိရပါတယ်။
သတင်း - စိုးချစ်ချစ်ပိုင်