ဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ခွင့် လျှောက်ထား
နော်နိုရင်း
·
August 9, 2013
တိုင်းရင်းသားလူမျိုးစုတွေ အများအပြားပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီဟာ ပါတီ တည်ထောင်ခွင့်ရရေးအတွက် ရွေးကောက်ပွဲကော်မရှင်မှာ သွားရောက် လျှောက်ထားလိုက်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်ယူပီ) တည်ထောင်ခွင့်ရရေးအတွက် ဩဂုတ် ၈ ရက်နေ့က နေပြည်တော်ကို သွားရောက်လျှောက်လိုက်လိုက်ပြီလို့ ပါတီဝင် ဦးကျော်ဇံသာက ပြောပါတယ်။
“ဖက်ဒရယ်ပါတီ ဆိုတာ ကျနော်တို့က တိုင်းရင်းသား လူမျိုးများ ပါဝင်တဲ့ ပါတီတခုကို တည်ထောင်ပါတယ်။ ကျနော်တို့က အဓိက တန်းတူရေး၊ တရားမျှတမှု အတွက်ပါ။”
ံပြီးခဲ့တဲ့ ဇူလဆန်းပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားများပါတီ ၁၅ ခု ဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု ပါတီ ထူထောင်ဖို့ သဘောတူညီခဲ့ကြပြီး အခုတော့ ပါတီတည်ထောင်ခွင့်အတွက် လျှောက်တာဖြစ်ပါတယ်။
ဒီပါတီကို တိုင်းရင်းပါတီတွေက ကိုယ်စားလှယ်ပေါင်း ၁၇ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီပါတီဟာ အဓိကအားဖြင့် ပြည်မမှာ အရွေးခံဖို့ ရည်ရွယ်တည်ထောင်တာလို့ ဦးကျော်ဇံသာက ပြောပါတယ်။
“ကျနော်တို့က အဓိက မြေပြန့်ဒေသမှာပဲ ရွေးကောက်ပွဲဝင်မလို့ဗျ။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း အစရှိတဲ့ မြေပြန့်ဒေသမှာ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ အဲဒီတိုင်းရင်းသားတွေ အများကြီး ရှိတဲ့အတွက်ကြောင့် အဲဒီနေရာတွေမှာ ကျနော်တို့ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မလို့ပါ။”
ဒီပါတီဟာ တန်းတူရေရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေးနဲ့ တိုင်းရင်းသား အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေး အကျိုးကို ရည်ရွယ်ပြီး ရေရှည် အကျိုးရှိစေရန် ဆောင်ရွက်သွားမယ့် ပါတီဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီတည်ထောင်ခွင့်ရမယ်ဆိုရင် မိမိတို့လာတဲ့ ပါတီကနေ နုတ်ထွက်ရမယ်လို့လည်း ပြောပါတယ်။ လောလောဆယ်တော့ ပါတီကို အတိအကျ တာဝန်ခွဲ ဖွဲ့စည်းထားတာမရှိသေးဘဲ တိုင်းရင်းသာ ပါတီပေါင်းစုံက အဖွဲ့ဝင် ၁၇ ဦးနဲ့ တည်ထောင်ထားတယ်လို့ ပြောပါတယ်။