အာဖရိကဘောလုံးအဖွဲ့ချုပ် CAF ကြောင့် ဂါဘွန်အသင်းသားတွေဟာ ဓားစာခံတွေလို ခံစားခဲ့ကြရတယ်လို့ အာဆင်နယ်အသင်း ခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။
အူဘာမီယန်း ဦးဆောင်တဲ့ ဂါဘွန်အသင်းသားတွေဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ခြေစစ်ပွဲ ကစားဖို့အတွက် ဂမ်ဘီယာနိုင်ငံကို ရောက်ရှိစဉ် နိုင်ငံတွင်း ဝင်ခွင့်ရဖို့ ကြန့်ကြာခဲ့တာကြောင့် လေဆိပ်ကြမ်းပြင်မှာ အိပ်ခဲ့ရပါတယ်။
ဂါဘွန်အသင်းဟာ ဂမ်ဘီယာနဲ့ တနင်္လာနေ့မှာ ကစားရမှာဖြစ်ပြီး ဘန်ဂျူလေဆိပ်ကို တနင်္ဂနွေနေ့ညမှာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
လေဆိပ်ကို ရောက်ရောက်ချင်းမှာတင် ဂါဘွန်အသင်းသားတွေဟာ ဂမ်ဘီယာနိုင်ငံတွင်းကို ဝင်ခွင့်ရဖို့အတွက် ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စစ်ဆေးမှု ရလဒ်တွေကို ပြသနိုင်ခဲ့ပေမဲ့ သူတို့ရဲ့ ပတ်စ်ပို့စ်တွေ အသိမ်းခံခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အာဆင်နယ်တိုက်စစ်မှူးက သူ့ရဲ့ပေါက်ကွဲမှုကို တနင်္လာနေ့မနက် အစောပိုင်းက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အူဘာတင်ခဲ့တဲ့ပို့စ်တွေမှာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ သူ့အသင်းဖော်တွေနဲ့ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။
ထွက်ပေါ်လာတဲ့ပုံတွေမှာ ဂါဘွန်အသင်းသား အများစုဟာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းရင်း လေဆိပ်ကြမ်းပြင်မှာ သူတို့ရဲ့အိတ်တွေကို ခေါင်းအုံးလုပ်ပြီး အိပ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အူဘာတို့အသင်းဟာ လေဆိပ်ကို ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ၃ နာရီလောက်ကြာအောင် စောင့်ရတာတောင် ဝင်ခွင့်မရသေးဘူးလို့ အူဘာက ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။
“ကျနော်တို့ ညနေ ၄ နာရီမှာ ပွဲကန်ရမယ်။ ဒါပေမဲ့ အခုထိ စောင့်နေရတုန်းပဲ” လို့ အူဘာက မနက် ၂ နာရီ ၃၁ မိနစ်မှာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂါဘွန်အသင်းသားတချို့ဟာ သီချင်းနားထောင်နေတာနဲ့ စနောက်နေကြတာကိုလည်း “ကျနော်တို့ကို အားလျော့သွားအောင် မလုပ်နိုင်ပါဘူး” ဆိုတဲ့ စာသားနဲ့ ရေးတင်ခဲ့ပါတယ်။
မနက် ၆ နာရီထိုးခါနီးမှ ဂါဘွန်အသင်းသားတွေဟာ ဂမ်ဘီယာမြေကို ခြေချခွင့်ရခဲ့တာ ဖြစ်ပြီး ဒါဟာ ပွဲမတိုင်ခင် ၁၀ နာရီအလိုလည်း ဖြစ်ပါတယ်။
“နောက်ဆုံးတော့ ဘတ်စ်ကားပေါ် တက်ရပါပြီ။ နောက်ထပ်စိတ်ဓာတ် ခွန်အားပေးလို့ ကျေးဇူးတင်ပါတယ် ဂမ်ဘီယာရေ” လို့လဲ အူဘာက ခပ်ရွဲ့ရွဲ့ ရေးသားခဲ့ပါတယ်။
အင်စတာဂရမ်ပေါ် တင်ခဲ့တဲ့ ပို့စ်တွေမှာ အူဘာက ခပ်ရွှတ်ရွှတ်သာ ရေးသားခဲ့တာ ဖြစ်ပေမယ့် ကွန်းမန့်မှာတော့ အာဖရိကဘောလုံးအဖွဲ့ချုပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒီလိုပုံစံမျိုးနဲ့ အာဖရိကဘောလုံးအဆင့်အတန်းကို မြှင့်တင်ချင်လို့မရဘူးလို့ ပြောပါတယ်။