ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂျရူးအနေနဲ့ ချဲလ်ဆီးမှာ ပွဲထွက်ခွင့်မရတဲ့အခြေအနေကို ဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က သတိပေးလိုက်ပါတယ်။
အိုလီဗီယာဂျရူးဟာ ချဲလ်ဆီးအသင်းမှာ တီမိုဝါနာနဲ့ အေဗရာဟမ်တို့ရဲ့နောက် တတိယ ဦးစားပေး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပြီး ပွဲကစားခွင့် နည်းပါးနေတာ ဖြစ်ပါတယ်။
ဂျရူးရဲ့ အခြေအနေနဲ့ပတ်သတ်လို့ အကြံဉာဏ်ပေးတာမျိုးလုပ်မှာ မဟုတ်ပေမယ့် ထင်မြင်ချက်တစ်ခုတော့ ပေးနိုင်ပြီး ကစားသမားကိုယ်တိုင်က ဆုံးဖြတ်ချက်ချရမှာ ဖြစ်တယ်လို့ နည်းပြ ဒက်ချမ့်က ပြောပါတယ်။
လက်ရှိအခြေအနေဟာ ဂျရူးအတွက် ကောင်းမွန်တဲ့အခြေအနေတော့ မဟုတ်ဘဲ ဒီအတိုင်း ဆက်ဖြစ်မလား၊ ပိုကောင်းလာမလားဆိုတာ ကစားသမားကိုယ်တိုင်ကပဲ အဖြေရှာသွားရမှာ ဖြစ်တယ်လို့ ဒက်ချမ့်က ပြောပါတယ်။
ဂျရူးအနေနဲ့ ပွဲကစားဖို့ အကောင်းဆုံးကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ပိုင်း ရှိနေသေးလို့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အရေးကြီးတယ်လို့လည်း နည်းပြဒက်ချမ့်က သုံးသပ်ခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ဒီကနေ့ညပိုင်းမှာ ဆွီဒင်နဲ့ ကစားရမှာပါ။ ပြင်သစ်အသင်းသမိုင်းရဲ့ ဒုတိယဂိုးသွင်းအများဆုံး ကစားသမား ဂျရူးဟာ ပေါ်တူဂီကို အနိုင်ရတဲ့ ပွဲမှာတော့ ၁၂ မိနစ်သာ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။