ဟင်္သာတတွင် ပါတီကြီး ၂ ပါတီ အပြန်အလှန်အမှုများဖွင့်လှစ်
DVB
·
November 17, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့မရဲစခန်းမှာ အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ အပြန်အလှန်အမှုတွေဖွင့်ထားတယ်လို့ ဟင်္သာတမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမင်းအောင်က ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကနေ ရွေးကောက်ပွဲပြီးတဲ့အထိလာရောက်ပြီး ပါတီနှစ်ခုက အမှုဖွင့်ထားတာ ၁၀ မှု ရှိပြီး ဒီအထဲမှာ ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့်လှစ်ထားတာ ၄ မှု၊ ရွေးကောက်ပွဲဥပဒေနဲ့ ၆ မှု ပါဝင်တယ်လို့ သိရပါတယ်။
ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့်ခဲ့တာကတော့ ကြံ့ခိုင်ရေးပါတီဘက်က ၂ မှုနဲ့ အန်အယ်လ်ဒီပါတီဘက်လည်း ၂ မှု ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲဥပဒေနဲ့ ဖွင့်လှစ်ထားတဲ့ ၆ မှုမှာကတော့ ကြံ့ခိုင်ရေးပါတီဘက်က ၄ မှုဖွင့်ထားပြီး အန်အယ်လ်ဒီ ပါတီဘက်မှလည်း ၂ မှုပြန်လည်ဖွင့်လှစ်ထားတယ်လို့ ရဲမှူး မင်းအောင်က ပြောပါတယ်။
အလားတူ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးတဲ့ကာလမှာလည်း ဟင်္သာတမြို့နယ် အမှတ် ၂ ရဲစခန်းအပိုင်မှာလဲ ပါတီကြီးနှစ်ခုက အမှု ၁ ခုစီ ဖွင့်လှစ်ခဲ့ပါသေးတယ်။
အဲဒီအမှုတွေကတော့ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးဌေးဦးရဲ့နေအိမ်ကို လေးခွနဲ့အပစ်ခံရမှုနဲ့ ငါးဆည်တောင်ရပ်ကွက်ရှိ အန်အယ်လ်ဒီပါတီဝင် ဦးစောဝင်းရဲ့နေအိမ်ကို အုတ်ခဲတွေနဲ့ ပစ်ခံရတဲ့ အမှုတွေ ဖြစ်ပါတယ်။