Home
မြန်မာသတင်း
နိုင်ငံတော်ထောက်ပံ့ငွေ အောက်ခြေတွင်မရသည့်ကိစ္စ အုပ်ချုပ်ရေးမှူးများတွင်တာဝန်ရှိဟု လွှတ်တော်အမတ်ပြော   
DVB
·
November 17, 2020
ပဲခူးတိုင်းအတွင်း နိုင်ငံတော်ထောက်ပံ့ငွေနဲ့ပတ်သက်ပြီး အောက်ခြေမှာ မရသူတွေရှိနေတဲ့ ကိစ္စတွေက အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ပြောပါတယ်။ နိုင်ငံတော်ကနေ အခြေခံလူတန်းစားတွေကို စတုတ္ထအကြိမ်မြောက်ထောက်ပံငွေ ပေးတာ တွေနဲ့ ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက်တိုင်းလိုလိုမှာ ရသင်ရထိုက်သူ အခြေခံ လူတန်းစားတွေမရပဲ စီးပွားရေးပြေလည်သူတွေ ရရှိနေကြတယ်ဆိုပြီး ရပ်ကွက်အတော်များများမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။ နိုင်ငံတော်အနေနဲ့ကတော့ ပြည်သူတွေ ကိုဗစ် ကာလမှာ အလုပ်အကိုင်အဆင်မပြေမှုတွေ ဖြစ်နေပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေတယ်ဆိုတာသိတဲ့အတွက် အခြေခံလူတန်းစားတွေကို ထောက်ပံ့ လိုတဲ့ဆန္ဒနဲ့ အောက်ခြေကို အခြေခံလူတန်းစားစာရင်းကောက်ခိုင်ပြီး အောက်ခြေက တင်ပြလာတဲ့အတိုင်း ထောက်ပံ့ ပေးခဲ့ကြတာပါ။ ဒီနေရာမှာ အခြေခံလူတန်းစားတွေကျန်ခဲ့ပြီး မရသင့်မရထိုက်သူတွေရနေတယ် ဆိုတဲ့ ကိစ္စတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။ အခြေခံလူတန်းစားအဖြစ် နိုင်ငံတော်ကချမှတ်ထားတဲ့မူဘောင်ထဲမှာ မပါတဲ့ လခစားတွေ ပင်စင်စားတွေ ငွေကျေးပြည့်စုံသူတွေကရနေပြီး အမှန်တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစား တွေကြတော့ မရတဲ့အတွက် နိုင်ငံတော်သမ္မတရုံးအထိ တိုင်ကြားစာတွေ ပို့ထားကြတယ်လို့ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်က ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်းမှာ အိမ်ထောင်စုပေါင်း ၁၁ သိန်းကျော်ရှိပြီးအဲဒီထဲက အိမ်ထောင်စုပေါင်း ၆၆၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးတာပါ။ ထောက်ပံ့တဲ့နေရာမှာ ပဲခူးတိုင်းအတွင်း Stay at Home သက်မှတ်ထားတဲ့ ပဲခူး၊ ကဝ နဲ့ သနပ္ပမြို့နယ် အဲဒီ ၃ မြို့နယ်က အခြေခံ လူတန်းစားတွေကို တစ်အိမ်ထောင် ကျပ် ၄၀,၀၀၀ ထောက်ပံ့ပေးပြီး ကျန်တဲ့မြို့နယ်တွေကိုတော့ တစ်အိမ်ထောင် ကျပ် ၂၀,၀၀၀ စီထောက်ပံ့ပေးနေ ပါတယ်။  အောက်ခြေ ရပ်ကျေးတွေမှာတာ့ အခြေခံလူတန်းစား စာရင်းကောက်ယူတဲ့နေရာမှာ ကွဲလွဲမှုတွေရှိတဲ့အတွက် တိုင်ကြားမှုတွေလည်းရှိပါတယ်၊ အဲဒီအတွက် မြို့နယ်တွေမှာ ဖြေရှင်းရေး ဌာနတွေဖွင့်လှစ်ပြီး စိစစ်ဖို့ မြို့နယ်တွေကို ညွှန်ကြားထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးအောင်ဆွေက ပြောပါတယ်။ တချို့ရပ်ကွက်တွေမှာတော့ ထောက်ပံ့ကြေးရရှိသူစာရင်းကို ပွင့်လင်းမြင်သာဖြစ်အောင် ရုံးရှေ့တွေမှာ ကပ်ထားပေမယ့် နေရာတချို့မှာတော့ ပွင်းလင်းမြင်သာစာရင်းတွေကို မချပြတာ အပြင် အခြေခံလူတန်းစားတွေ ထောက်ပံ့ငွေမရရှိတာနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တာတွေလည်း လုပ်ဆောင်ဖို့တွေရှိနေပါတယ်။ အခြေခံလူတန်းစားတွေအတွက် အစိုးရက  စတုတ္ထအကြိမ် ထောက်ပံ့ကြေးတွေပေးရာမှာ ကျန်နေခဲ့သူတွေအတွက် တိုင်ကြားနိုင်တဲ့ဌာနကို စတင်ဖွင့်လှစ်ထားပြီး ထောက်ပံ့ကြေး မရရှိသူတွေ တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထာပါတယ်။ သတင်း - အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024