Home
မြန်မာသတင်း
ရွေးကောက်ပွဲအနိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
November 16, 2020
အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် ဝမ်းမြောက်ဂုဏ်ယူတဲ့ အကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး  Ine Eriksen Søreide က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်နေ့က  ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၉၂၀ နဲ့ အပြတ်အသတ် အနိုင်ရတဲ့အပေါ်  နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်တာပါ။ မြန်မာပြည် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူ အရေအတွက် များပြားတာဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ်  မြန်မာပြည်သူတွေရဲ့  ပြင်းပြတဲ့ စိတ်ဆန္ဒကို ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။ အစိုးရအဖွဲ့သစ်အနေနဲ့ လူထုကအပ်နှင်းတဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအောင်မြင် အောင်လုပ်ဆောင်ဖို့ နော်ဝေနိုင်ငံက မျှော်လင့်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးကက ပြော ပါတယ်။ အလားတူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးကလည်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတဲ့ နေ့မှာ  မြန်မာပြည်သူပြည်သားအပေါင်းအတွက် အထူးဂုဏ်ယူကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေနဲ့ မဲဆန္ဒရှင်တွေ မဲပေးခွင့်ရုပ်သိမ်းခံရမှုတွေဟာ စိုးရိမ်ပူပန်ရမယ့်အချက်တွေ ဖြစ်ပေမယ့်လည်း ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရန်ကုန်နော်ဝေသံရုံးရဲ့သံတမန်တွေနဲ့ ဒေသခံဝန်ထမ်းတွေဟာလည်း သံတမန်အသိုင်းအဝိုင်း ရွေးကောက်ပွဲစောင့်ကြည့်မှုမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်။ ဓာတ်ပုံ- Asgeir Spange Brekke/  Ine Eriksen Søreide Facebook
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024