ကြည့်မြင်တိုင်တွင် ဓားကိုင်ရမ်းကားနေသူ ၁ ဦးကို ရဲက ပစ်ခတ်ဖမ်းဆီး
DVB
·
November 16, 2020
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ ဓားကိုင်ရမ်းကားနေသူတယောက်ကို ဖမ်းဆီးရာမှာ ဓားနဲ့ဝင်ခုတ်လို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က မနေ့က သတင်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီလောက်က ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ဇော်ဇော်မျိုး(ခ)ချက်ကြီးဟာ တရပ်ကွက်တည်းနေ လင်းထိန်ကို ဓားနဲ့ခုတ်ပြီး ရပ်ကွက်နေသူတွေကိုလည်း ဓားကိုင်ခြိမ်းခြောက်နေတာကြောင့် ကြည့်မြင့်တိုင်မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို အရိုးအသွား ၂၈ လက်မခွဲလောက်ရှိတဲ့ ငှက်ကြီးတောင်ဓားရှည် ၁ ချောင်း ကိုင်ဆောင်ပြီး ဆဲဆိုသောင်းကျန်းနေတာကို တွေ့ရလို့ ဓားချဖို့နဲ့ အသာတကြည်အဖမ်းခံဖို့ကို တားမြစ်ပြောဆိုရာမှာ “ရဲလည်းခုတ်မှာပဲ အနားကပ်ရဲရင်ကပ် အကုန်ခုတ်သတ်ပစ်မယ်” လို့ ပြောပြီး ရဲတပ်ဖွဲ့ဝင် ၁ ယောက်ကို ပြေးဝင်ခုတ်တာကြောင့် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်က သတိပေး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဇော်ဇော်မျိုး(ခ)ချက်ကြီးမှာ ဘယ်ဘက်ခါးစောင်း ကျည်ထိမှန် ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာကို အသာတကြည်မလိုက်နာတာကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၆ နဲ့အညီ ဆောင်ရွက်ရတဲ့ အခြေအနေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။