လူမှုဖူလုံရေးအကျိုးခံစားခွင့်ထောက်ပံ့ကြေး မရရှိသည့်လုပ်သားများ တိုင်ကြားနိုင်
DVB
·
November 16, 2020
လူမှုဖူလုံရေးအဖွဲ့ထံကနေ အကျိုးခံစားခွင့်ပြုငွေတွေထုတ်ယူပြီးသွားတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အလုပ်သမားကိုအမြန်ဆုံး ပြန်လည်ထုတ်ပေးရမှာဖြစ်လို့ မရရှိတဲ့ အလုပ်သမားတွေ အနေနဲ့ တိုင်ကြားနိုင်တယ်လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ဒီလိုတိုင်ကြားနိုင်ဖို့အတွက်ကိုလည်း တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်မှာရှိတဲ့ လူမှုဖူလုံရေး တိုင်းတာဝန်ခံတွေ၊ ဝန်ထမ်းတွေရဲ့ ဖုန်းနံပါတ်တွေကို အသိပေးကြေညာထားတာမို့ လူမှုဖူလုံရေးက ခွင့်ပြုထုတ်ပေးပြီး စာရင်းပါတဲ့စက်ရုံတွေက လုပ်သားတွေ အကျိုးခံစားခွင့်ငွေမရရှိရင် တိုင်ကြားကြဖို့ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုထားတာပါ။
လူမူဖူလုံရေးအဖွဲ့အနေနဲ့ လက်ရှိ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ခွင့်ပြုငွေထုတ်ပေးပီးတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနပေါင်း ၄၅၂၃ ဌာန၊ အလုပ်သမားပေါင်း ၆၁၀,၀၀၀ ကျော် ရှိပြီးဖြစ်ပါတယ်။
ဒါပေမဲ့ လုပ်ငန်းရှင်တွေရဲ့ လျှောက်ထားမှု နောက်ကျတာတွေ၊ စိစစ်မှု အခြေအနေ တွေကြောင့် အခုထိမရရှိသေးတဲ့လုပ်သားတွေရှိနေသလို ဘယ်လိုအချက်တွေကြောင့် မရရှိသေးတာ လဲဆိုတာ သက်ဆိုင်ရာမြို့နယ်တွေက လူမှုဖူလုံရေးအဖွဲ့ရုံးတွေကို သွားရောက်မေးမြန်းပြီး တိုင်ကြားတာတွေလုပ်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ အားနန် အထည်ချုပ်စက်ရုံလုပ်သား ကိုနေလင်းက ပြောပါတယ်။
လူမှုဖူလုံရေးအဖွဲ့က ထောက်ပံ့ပေးတဲ့ ၄၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ငွေကြေးဟာဆိုရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေတွေကြောင့် စက်တင်ဘာ ၂၄ ရက်က စပြီး ယာယီပိတ်ခဲ့ရတဲ့ စက်ရုံ၊ အလုပ်ရုံ ၊ အလုပ်ဌာန တွေအတွက် အာမခံထည့်ဝင်ငွေရဲ့ ၄၀ ရာခိုင်နူန်းကို ငွေကြေးအကျိုးခံစားခွင့် ငွေထုတ်ပေးတာပါ။
လက်ရှိအချိန်ထိ ထောက်ပံ့ကြေးမရရှိသေးတဲ့လုပ်သားတွေရှိနေပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံး တွေမှာ သွားရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။
သတင်း - ဇာခြည်